ရခိုင်ရောက်ခဲ့သည့် ကုလ အထူးကိုယ်စားလှယ် မောင်တောသွားခွင့်မရ

ရခိုင်ရောက်ခဲ့သည့် ကုလ အထူးကိုယ်စားလှယ် မောင်တောသွားခွင့်မရ
ဓာတ်ပုံ - AFP

ရန်ကုန် ၊ ဇန်နဝါရီ ၂၄ ။            ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ်စတင်းဘာဂနာ၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း၌ မောင်တောမြို့နယ်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ရန် စီစဉ်ထားသော်လည်း ပြည်နယ်အစိုးရဘက်က တားမြစ်ခဲ့သည်။

မောင်တောမြို့နယ်အတွင်း၌ လက်ရှိအချိန်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး နယ်မြေလုံခြုံရေး အခြေအနေများကြောင့် သွားရောက်ရန် ပြည်နယ်အစိုးရဘက်မှ ခွင့်ပြုချက်မပေးဘဲ တားမြစ်ခဲ့ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်းက မဇ္စျိမသို့ အတည်ပြုပြောဆိုခဲ့သည်။

“သူတို့မလာခင်ကတည်းက ပြည်နယ်အစိုးရအဖွဲ့ဘက်က တိုက်ပွဲဖြစ်ပွားနေတဲ့ လေးမြို့နယ်(ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏာန်းကျွန်း၊ရသေ့တောင်) ကို သွားလာခွင့်ပိတ်ထားပါတယ်။ အဲ့ဘက်ဒေသတွေမှာ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် နယ်မြေလုံခြုံရေးအရ စိတ်မချရဘူး။ အဲ့ဒါကြောင့် သွားလာခွင့်ကို တားမြစ်ထားတာပါလို့ သူ့ကိုပြောလိုက်တယ်” ဟု ဦးမြသန်းက ဆိုသည်။

မစ္စ ခရစ်စတင်းဘာဂနာ၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း၌ ရခိုင်ပြည်နယ် လွှတ်တော် တာဝန်ရှိသူများ ၊ ရခိုင်အမျိုးသား ပါတီ ANP မှ တာဝန်ရှိသူများဖြင့်လည်း တွေ့ဆုံခဲ့သည်။ ယင်း တွေ့ဆုံမှုတွင် လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး မေးမြန်းမှုတွေရှိခဲ့သည်ဟု သူမနှင့် တွေ့ဆုံခဲ့သည့် ဦးမြသန်းက ဆိုသည်။

“ဒီတစ်ခေါက် လွှတ်တော် အစည်းအဝေးကျင်းပရင် တိုက်ပွဲရှောင် ဒုက္ခသည်တွေကို ပြည်နယ်အစိုးရက ဒီထက်ပိုပြီး ကူညီ ထောက်ပံ့ပေးသွားဖို့ တိုက်တွန်းသွားမယ်။ နောက်တစ်ခုက ဖြစ်နေတဲ့ တိုက်ပွဲတွေကို အမြန်ဆုံး ရပ်ဆိုင်းဖို့အတွက် လွှတ်တော်မှာ ဆွေးနွေးပြီး အစိုးရကို တိုက်တွန်းသွားမယ်လို့ သူ့ကိုပြောခဲ့ပါတယ်” ဟု ဦးမြသန်းကဆိုသည်။

မစ္စ ခရစ်စတင်းဘာဂနာ၏ ခရီးစဉ်အတွင်း၌ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းရှိ မွတ်စလင် ဒုက္ခသည်စခန်းများ ၊ စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ ရခိုင်ကယ်ဆယ်ရေးစခန်းနှင့် ဟိန္ဒူကယ်ဆယ်ရေး စခန်းများကို သွားရောက်ခဲ့သည်။ အဆိုပါ စခန်းများသည် ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်စဉ်များကြောင့် ပေါ်ပေါက်လာသည့် စခန်းများလည်းဖြစ်သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ်စတင်းဘာဂနာ၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း၌ တွေ့ရှိချက်များကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အစီရင်ခံတင်ပြမှာလည်း ဖြစ်သည်။

မစ္စခရစ်စတင်းဘာဂနာ၏ ရခိုင်ပြည်နယ်ခရီးစဉ်ပြီးနောက် နေပြည်တော်၌ အစိုးရနှင့်တပ်မတော်၏ ထိပ်ပိုင်း ခေါင်းဆောင် များအပြင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စသည့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံသွားရန် ရှိနေသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ မှ  ဇန်နဝါရီ ၃၀ ရက်နေ့အထိ ကြာမြင့်မည့် မစ္စ ခရစ်စတင်းဘာဂနာ ခရီးစဉ်အတွင်းမှာ ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းသို့ သိန်းနှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒုက္ခသည်များ ပြန်လာရေးကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးသွားဖွယ်ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly