ဒေါ်နယ်ထရမ့်ဆီက စာတစ်စောင် ရရှိခဲ့ပြီး အခြေအနေအပေါ် စိတ်ကျေနပ်အားရမှုရှိဟု ကင်မ်ဂျုံအန်း ပြော

ဒေါ်နယ်ထရမ့်ဆီက စာတစ်စောင် ရရှိခဲ့ပြီး အခြေအနေအပေါ် စိတ်ကျေနပ်အားရမှုရှိဟု ကင်မ်ဂျုံအန်း ပြော

ဇန်နဝါရီ ၂၄ ။            ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဆီက ရေးပို့လိုက်တဲ့ စာတစ်စောင်ကို လက်ခံရရှိခဲ့ပြီးနောက် ဒုတိယမြောက် ထိပ်သီးအစည်းအဝေး ကျင်းပဖို့ စီစဉ်ထားမှုတွေအပေါ် များစွာ စိတ်ကျေနပ်အားရမိကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အမေရိကန်- မြောက်ကိုရီးယား ခေါင်းဆောင် နှစ်ဦးအကြား ဒုတိယမြောက် ထိပ်သီးအစည်းအဝေး တစ်ခု ကျင်းပတော့မယ့် ဆဲဆဲ ယခုလို ထရမ့်ဆီက ပေးစာကြောင့် ကင်မ်တစ်ယောက် အင်မတန် ကျေနပ်နှစ်သက်နေလျက် ရှိကြောင်း ပြုံယမ်း နိုင်ငံပိုင် မီဒီယာက ဇန်နဝါရီ ၂၄ ရက်မှာ ဖော်ပြပါတယ်။

" ကင်မ်ကတော့ အစည်းအဝေးအတွက် သင့်တော်ကောင်းမွန်တဲ့ လုပ်ထုံးလုပ်နည်း ပြင်ဆင်မှုတွေ လုပ်နေပါပြီ" ဆိုပြီး KCNA သတင်းအေဂျင်စီက ပြောပါတယ်။

ခေါင်းဆောင်နှစ်ဦးအကြား အစည်းအဝေးကိုတော့ လာမယ့်လထဲမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

ပြီးခဲဲ့့တဲ့ သီတင်းပတ်က ကင်မ်ရဲ့ ညာလက်ရုံးတွေအနက် တစ်ဦးဖြစ်တဲ့ မြောက်ကိုရီးယား အဆင့်မြင့်အရာရှိကြီး ကင်မ်ယုံချိုးလ် အိမ်ဖြူတော်မှာ ထရမ့်နဲ့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ယင်းတွေ့ဆုံမှုကနေ အပြန်မှာ ထရမ့် ပေးလိုက်တဲ့ စာကို ကင်မ်ယုံချိုးလ်က ကင်မ်ဂျုံအန်းထံကို ယူလာပေးခဲ့တာဖြစ်ပါတယ်။

" သမ္မတ ထရမ့်ဘက်က အပြုသဘောဆောင် စဉ်းစားလုပ်ကိုင်နေတာကို သူ့အနေနဲ့ ယုံကြည်တယ်လို့ ခေါင်းဆောင်ကြီး ကင်မ်က ပြောပါတယ်၊ စိတ်ရှည်ရှည်နဲ့ စောင့်ပြီး အမေရိကန်နဲ့အတူ လက်တွဲပြီးတော့ နှစ်နိုင်ငံစလုံးရဲ့ ရည်မှန်းချက်တွေဆီ လျှောက်လှမ်းနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်" ဆိုပြီး KCNA က ထုတ်ပြန်သွားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required