အိမ်အကူ ဒေါ်ကရင်မသေဆုံးမှု အိမ်ရှင်ဖြစ်သူအား တသက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်သောပုဒ်မဖြင့် စွဲချက်တင်

အိမ်အကူ ဒေါ်ကရင်မသေဆုံးမှု အိမ်ရှင်ဖြစ်သူအား တသက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်သောပုဒ်မဖြင့် စွဲချက်တင်
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဇန်နဝါရီလ ၂၃ ။            ။ အိမ်အကူလုပ်ကိုင်ရင်း သေဆုံးခဲ့သည့် ဒေါ်ကရင်မအမှုနှင့်ပတ်သက်ပြီး အိမ်ရှင်ဖြစ်သူ ပဲခူးခရိုင်ဥပဒေရုံးမှ ဒုဦးစီးမှူး ဒေါ်သင်္ဂီစုအား အမြင့်ဆုံးပြစ်ဒဏ် တသက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်သော ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃ဝ၂(၂)ဖြင့် စွဲချက်တင်လိုက်သည်။

ဇန်နဝါရီလ ၂၃ ရက်နေ့၊ သန်လျင်မြို့နယ်ရှိ ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးတွင် အိမ်ရှင်ဖြစ်သူ ပဲခူးခရိုင် ဥပဒေရုံးမှ ဒုဦးစီးမှူးဖြစ်သော ဒေါ်သင်္ဂီစုကို ၂၅ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး ခရိုင်တရားသူကြီး ထိုသို့ အမိန့်ချမှတ် ခဲ့ခြင်းဖြစ်သည်။

 “ စွဲချက်ကတော့ အမြင့်ဆုံးပေါ့။ ၃ဝ၂(၁)ကတော့ ထောင်ဒဏ် ၇ နှစ်နဲ့ ထောင်ဒဏ် ၁ဝ နှစ်၊ ၃ဝ၂(၂)ကတော့ အပြစ်ပေးမယ်ဆိုရင် ထောင်ဒဏ် ၁ဝ နှစ်နဲ့ ထောင်ဒဏ် တသက်တစ်ကျွန်း။ အခုက အမြင့်ဆုံးပြစ်ဒဏ်နဲ့ စွဲချက် တင်လိုက်တာပေါ့”ဟု ဒေါ်ကရင်မ မိသားစုဘက်မှ လိုက်ပါဆောင်ရွက်သူ ပြည်ထောင်စု ဥပဒေအထောက် အကူပြုရေးအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က မဇ္စျိမသို့ အတည်ပြုပြောသည်။

ဒေါ်သင်္ဂီစုအား အဆိုပါ တောင်ပိုင်းခရိုင်တရားရုံးသို့ စတင်တရားစွဲတင်စဉ်က လူသတ်မှုပုဒ်မ- ၃ဝ၂ ဖြင့်သာ တရားစွဲတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တရားလိုပြသက်သေ ၂၃ ဦးအားစစ်ဆေးပြီးစီးခဲ့ပြီးနောက် ယခုကဲ့သို့ ပြစ်ဒဏ်ပိုမြင့်သည့် လူသတ်မှုပုဒ်မ- ၃ဝ၂(၂) သို့ ပြောင်းလဲ စွဲချက်တင်လိုက်ခြင်းလည်းဖြစ်သည်။

“သင်္ဂီစုကတော့ ငြင်းတယ်ပေါ့။ လူသတ်မှုမှာ ထောင်ဒဏ်အမြင့်ဆုံးပေးနိုင်တဲ့ ပုဒ်မနဲ့ စွဲချက်တင်တယ်။ သင်္ဂီစုကတော့ ငြင်းတယ်။ ပြန်ခေါ်သက်သေနှစ်ယောက်ကို စစ်ပေးပါလို့ပြောတယ်။ လာမယ့် ရုံးချိန်း ဇန်နဝါရီလ ၃ဝ ရက်နေ့မှာ ဦးစိန်သန်းကို စစစ်မယ်”ဟု ဒေါ်စန်းစန်းမြင့်က ဆက်ပြောသည်။

 စွပ်စွဲခံရသူဘက်မှ ပြန်ခေါ်သက်သေအဖြစ် သေဆုံးသူ ဒေါ်ကရင်မ၏ အမေဖြစ်သူ ဒေါ်လှလှဝင်းနှင့် နောက် တစ်ဦးမှာ ဒေါ်သင်္ဂီစုအိမ်တွင် ဒေါ်ကရင်မအား အိမ်အကူလုပ်ကိုင်ရန် ခေါ်ဆောင်ပေးခဲ့သူ ဦးစိန်သန်းကို ပြန်စစ်ပေးရန် တင်ပြခဲ့သည်ဟု သိရသည်။

အဆိုပါ အမှုအတွက် စစ်ဆေးရန် တရားလိုပြသက်သေ ၂၉ ဦးထိတင်ပြထားသော်လည်း အချို့သက်သေများ မှာ မလိုအပ်၍ ပယ်ခဲ့မှုများရှိပြီး တရားလိုပြသက်သေ ၂၃ ဦးအထိ စစ်ဆေးပြီးစီးခဲ့ပြီးနောက် ယခုကဲ့သို့ စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

အမှုဖြစ်စဉ်မှာ ပဲခူးခရိုင်ဥပဒေရုံး၊ အင်တိုင်သံချပ်ကာတပ်ရင်း အရာရှိရိပ်သာနေအိမ်တွင် လုပ်ဖော်လုပ်ကိုင်နေ သော အသက် ၄ဝ ခန့်အရွယ် ဒေါ်ကရင်မ(ခ) မခင်စန္ဒာဦးအား အိမ်ရှင်ဖြစ်သူ ပဲခူးခရိုင်ဥပဒေရုံးမှ ဒုဦးစီးမှူး အဆင့်ရှိသူ ဒေါ်သင်္ဂီစုမှ ဒေါ်ကရင်မနေထိုင်သော တွံတေးမြို့နယ်၊ ခတ္ထိယကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာသို့ ၂ဝ၁၈ ခုနှစ်၊ မေလ ၁၉ ရက်နေ့က  ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ပို့ဆောင်စဉ် ရာအိမ်မှူးနှင့် ရပ်မိရပ်ဖတို့အား "ကရင်မ ကျန်းမာရေးမကောင်းလို့လာပို့တာ" ဟုပြောပြီး ဒေါ် ကရင်မ ပိုင်ဆိုင်သည်ဟုဆို၍ ငွေကျပ် ၁၈ဝဝဝဝ အားပေးပြီး ဒေါ်သင်္ဂီစုက ပြန်သွားခဲ့ခြင်းဖြစ်ကြောင်း တရားလိုပြသက်သေများ ထွက်ဆိုခဲ့ချက်အရ သိရသည်။

နေမကောင်းဖြစ်နေသည့် ဒေါ်ကရင်မက ၎င်းအား ဆေးရုံပို့ပေးရန် ပြောဆိုသဖြင့်  အိမ်ပတ်ကျင်ဝန်းရှိ သူများ နှင့် ရာအိမ်မှူးတို့က မေးမြန်းခဲ့ရာ သူ့အားအိမ်ရှင်အမျိုးသမီးက ဆွဲကြိုးခိုးသည့်ဟုစွပ်စွဲပြီး ခြေထောက်ဖြင့် ကန်ခြင်း၊ ကျောက်ပြင်ဖြင့်ထုခြင်း၊ မီးပူဖြင့် ထိုးခြင်းများ ပြုလုပ်ခဲ့သည်ဟုပြောသဖြင့် ကြည့်ရှုခဲ့ရာ ဒေါ်ကရင်မ၏ ဦးခေါင်း၊ နဖူး၊ မေးစေ့၊ ပါးရိုးတို့တွင် ဒဏ်ရာများတွေ့ရှိရသည့်အပြင် ပေါင်တွင် မီးပူဖြင့် ထိုးထားသဖြင့် အမာရွတ်အကွက်တစ်ကွက်နှင့် ကျောကုန်းတွင် အကွက်ကြီးတစ်ကွက်တွေ့ကြောင်း သိရသည်။

ဒေါ်ကရင်မ၏ ဒဏ်ရာများနှင့် ပတ်သက်ပြီး ရာအိမ်မှူးတို့က ကျေးရွာအုပ်ချုပ်ရေးမှူးထံသွား ရောက်အကြောင်း ကြားနေစဉ် ဒေါ်ကရင်မမှာ သေဆုံးသွားခဲ့ရာ ရာအိမ်မှူးတစ်ဦးမှ တရားလိုပြုလုပ်တိုင်ကြားခဲ့သဖြင့် တွံတေးမြို့နယ်၊ ခလောက်ချိုက်နယ်မြေရဲစခန်းတွင် (ပ) ၆၁/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃ဝ၂ ဖြင့် အမှုဖွင့်ခဲ့သောအမှုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required