မန်းရွှေစက်တော်ဘုရားပွဲတွင် တည်းခိုခန်းခများ ပိုယူပါက လုပ်ငန်းပိတ်သိမ်းမည်

မန်းရွှေစက်တော်ဘုရားပွဲတွင် တည်းခိုခန်းခများ ပိုယူပါက လုပ်ငန်းပိတ်သိမ်းမည်

မကွေး၊ဇန်နဝါရီ ၂၃ ။                ။ မန်းရွှေစက်တော်ဘုရားပွဲတော်ကာလတွင် တည်းခိုဆောင် အခန်းခနှုန်းထားများကို သတ်မှတ်စျေးထက် ပိုမယူ ကြရန်နှင့် ပိုယူပါက သတ်မှတ်ထားသည့်စည်းကမ်းများအတိုင်း လုပ်ငန်းပိတ်သိမ်းမည်ဟု ရွှေစက်တော် ဘုရားပွဲတော်လုပ်ငန်းကော်မတီအဖွဲ့ထံမှ သိရသည်။

 “ဒီနှစ်ဘုရားဖူးပြည်သူတွေ စိတ်ချမ်းသာစွာ ဘုရားဖူး အိပ်စက်ရန်အတွက် သင့်တော်တဲ့ အခန်းခနှုန်းထားတွေ သတ်မှတ်ပေးထားပါတယ်။ ပုဂ္ဂလိက တည်းကျောင်းတွေက ရေစပ်တစ်ခန်းကို ကျပ်သုံးသောင်း၊ ကုန်းတွင်း တစ်ခန်းကို ကျပ်နှစ်သောင်းနှုန်း၊နမ္မဒါ(၁)၊နမ္မဒါ(၂) အဆင့်မြင့်တည်းခိုဆောင်တွေက တစ်ခန်းကို ကျပ်လေး သောင်း၊ ကျပ်ခြောက်သောင်း၊ကျပ်တစ်သိန်း၊ငွေသောင်ယံ တည်းခိုခ တစ်ခန်းကို ကျပ်သုံးသောင်းခွဲ၊ ကျပ်လေးသောင်းခွဲ၊ ကျပ်ရှစ်သောင်းခွဲလို့ သတ်မှတ်ပေးထားပါတယ်”ဟု မန်းရွှေစက်တော်ဘုရားပွဲတော် လုပ်ငန်းကော်မတီ အဖွဲ့ဥက္ကဋ္ဌ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက မဇ္ဈိမသို့ ပြောသည်။

ဘုရားပွဲတော်ကာလတွင် ဘုရားဖူးဧည့်သည်များက ဧည့်သည်ဝင်ရောက်မှုများသောရက်များ၌ အခန်း မရရှိမည်ကို စိုးရိမ်၍ အခန်းခစျေးနှုန်းများကို ပိုပေးလေ့ရှိတတ်ကြောင်း အကယ်၍လုပ်ငန်းရှင်များက အခန်းငှားခကို ပိုတောင်းပါက ဂေါပကအဖွဲ့ထံ တိုင်ကြားနိုင်ပြီး ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးမည်ဟု ဂေါပကအဖွဲ့မှ သိရသည်။

 “တစ်ခါတလေကျတော့လည်း ဘုရားဖူးတွေက လူကျတဲ့ ရက်တွေမှာ ကိုယ်အခန်းမရမှာစိုးရိမ်ပြီး အခန်းရ ပြီးရော အလုအယက်ဆိုပြီးတော့ စျေးတွေပိုပေးသွားတယ်။ ကျွန်တော်တို့ဘက်က စည်းကမ်းတွေ ဘယ်လောက် ထုတ်ထားထုတ်ထားပေမယ့် ဘုရားဖူးတွေက စျေးပိုပေးသွားတဲ့အခါကျတော့ စည်းကမ်းက အလကားဖြစ်သွားတဲ့အတွက် ဘုရားဖူးတွေက စျေးပိုမပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ အခန်းခ နှုန်းထားတွေ ကတော့ ယခင်နှစ်အတိုင်းပါပဲ၊ တကယ်ပိုတောင်တယ်ဆိုရင် တိုင်ပေးကြပါ။ ဂေါပကအပါအဝင်ဖွဲ့စည်းထားတဲ့ စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ အရေးယူပေးပါမယ်” ဟု ဦးစန်းဌေးက ပြောသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကာလအတွင်း ဘုရားဖူးဧည့်သည်များ စိတ်အေးချမ်းစွာ ဘုရားဖူး အပန်းဖြေ နိုင်ရန်အတွက် လုပ်ငန်းရှင်များနှင့် စာချုပ်ချုပ်ဆိုထားပြီး စည်းကမ်းချက်များထုတ်ထားကြောင်း အခန်းခ ပိုမိုတောင်းခံသော တည်းခိုဆောင်လုပ်ငန်းရှင်များ ဒဏ်ကြေးငွေရိုက်ခြင်းနှင့် လုပ်ငန်းပိတ်သိမ်းသည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

စည်းကမ်းမလိုက်နာသော လုပ်ငန်းများအတွက် ဒဏ်ကြေးငွေမည်မျှဆိုသည်ကို မသတ်မှတ်ရသေးသော်လည်း ယင်းကိစ္စကို တိုင်းအစိုးရထံတင်ပြထားကြောင်း လက်ရှိတည်ခိုဆောင်တစ်လုံးလျှင် ဒီပိုဆစ်ငွေ ကျပ်သိန်းနှစ်ဆယ် တင်ထားရကြောင်း စာချုပ်ပါစည်ကမ်းများ ဖောက်ဖျက်ပါက အဆိိုပါငွေများမှ ဒဏ်ကြေးယူဆောင်မည်ဖြစ်ကြောင်း သိရသည်။ ရွှေစက်တော်ဘုရားပွဲတော်တွင်  ပုဂ္ဂလိကတည်းခိုဆောင်(၃၀၀)ခန့်ရှိပြီး ယမန်နှစ်က စည်းကမ်းဖောက်ဖျက်သည့် တည်းကျောင်းများကို ကျပ်ကိုးသိန်းအထိ ဒဏ်ကြေး ဆောင်ခိုင်းခဲ့ကြောင်း သိရသည်။

မန်းစက်တော်ရာဘုရားပွဲတော်အား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ဧပြီလ(၁၇)ရက်နေ့အထိ ရက်ပေါင်း(၇၀)ခန့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly