ရုရှား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်

ရုရှား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်

ရန်ကုန်၊ စက်တင်ဘာ ၃၀။        ။ မြန်မာ-ရုရှား စစ်ဘက်နှင့် အရပ်ဘက်ဆက်ဆံရေး တိုးမြှင့်ရန်နှင့် ပညာတော်သင်များ စေလွှတ်ရေးတို့အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်ဥက္ကဋ္ဌ မစ္စတာ အလက်ဖန်ဒါဖိုမင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

စက်တင်ဘာ ၂၉ အစည်းအဝေးသို့ မြန်မာဖက်က ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရုရှားဖက်မှ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး၊ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများလည်း တက်ရောက်ကြသည်။

ယင်းမတိုင်မီ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း မစ္စတာ အလက်ဖန်ဒါဖိုမင်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံစစ်ဘက်နှင့် အရပ်ဘက်တွင် အသုံးပြုနိုင်ရန် ရဟတ်ယာဉ်နှင့် ဆက်စပ်လုပ်ငန်း များ လာရောက်ရင်းနှီးမြှုပ်နှံရေး၊ ရင်းနှီးမြှုပ်နှံမှု အကာကွယ်ပေးရေး သဘောတူစာချုပ် လက်မှတ်ထိုးရေး၊ ကုန်သွယ်မှုမြှင့်တင်ရေးကိစ္စများ ဆွေးနွေးကြသေးကြောင်း နိုင်ငံပိုင် သတင်းစာများကဖော်ပြသည်။

ယင်းသို့တွေ့ဆုံစဉ် နိုင်ငံခြားရေး ဒုတိယဝန်ကြီးများဖြစ်သည့် ဦးတင်ဦးလွင်၊ ဦးဇင်ယော်နှင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး တို့လည်းတက်ရောက်ကြသည်။

၂၀၁၃ ခု ဇွန်လအတွင်းကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ရုရှားနိုင်ငံသို့ အလည်အပတ်ရောက်ခဲ့ပြီး နှစ်နိုင်ငံ တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှုများရှိခဲ့ပြီး မော်စကို စက်မှုဇုန်၊ တိုက်လေယာဉ် စက်ရုံများနှင့် ယဉ်ကျေးမှု နယ်မြေများသို့ သွားရောက်လေ့လာခဲ့သေးကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။

ရုရှားနိုင်ငံမှ MiG-29၊ Mil Mi-17၊ Mil Mi-24 လေယာဉ်များ ဝယ်ယူအသုံးပြုနေကြောင်း Wikipedia အရ သိရသည်။

စက်တင်ဘာ ၂၂ ရက်ကလည်း မြန်မာယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရုရှား ယဉ်ကျေးမှု ဝန်ကြီးဌာနတို့အကြား ယဉ်ကျေးမှုနှင့် အနုပညာနယ်ပယ် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို ယဉ်ကျေးမှုဝန်ကြီးဌာနကိုယ်စား ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်နှင့် ရုရှား ယဉ်ကျေးမှုဝန်ကြီးဌာနကိုယ်စား ဒုတိယဝန်ကြီး Madam. A Yu Manilova တို့က ရုရှားနိုင်ငံ  မော်စကိုမြို့၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

Photo Credit - Myawady

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required