လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

ကဲ ဒီကနေ့တော့ လွန်ခဲ့တဲ့တစ်ရက်နှစ်ရက်က ခဏရပ်ထားခဲ့တဲ့ စာပုဒ် အကြောင်းပြောခဲ့တာကို ဆက်သွားပါ့မယ်။

ကျနော်တို့ ခဏရပ်ထားခဲ့တဲ့အကြောင်းအရာက စာပုဒ် တစ်ခုရဲ့အစ (နိဒါန်း)ပိုင်းအကြောင်းပြောရင်းက တစ်ပိုင်းတစ်စနဲ့ရပ်ထားခဲ့တဲ့အကြောင်းအရာပါ။ စာပုဒ်တစ်ခုမှာ အစပိုင်း၊ အလယ်ပိုင်း၊ နိဂုံးပိုင်းရယ်လို့ရှိတဲ့အကြောင်းပြောရင်းက နိဒါန်းစာပိုဒ်ရဲ့သဘောသဘာဝအချို့ကို ကျနော်တို့စပြောခဲ့တာပါ။ ဒီကနေ့တော့ အဲဒီနိဒါန်းပိုင်းအကြောင်း ဆက်သွားကြမယ်ဆိုပါတော့။

နိဒါန်းပိုင်းဟာ စာပုဒ်တစ်ခုလုံးရဲ့အရေးအပါဆုံးနဲ့ စာပုဒ်ရဲ့အဓိကဆိုလိုချက်ကို တိုတိုနဲ့လိုရင်း ချုပ်ပြီးပြောတာဖြစ်တဲ့အကြောင်းနဲ့ သူ့နောက်ကစာကိုယ်လို ့ခေါ်တဲ့ အလယ်ပိုင်းကို စာဖတ်သူက ဆက်ဖတ်ချင်အောင် စည်းရုံးလမ်းခင်းတဲ့သဘော ဖြစ်တယ်လို့ ကျနော်တို့ပြောခဲ့ကြပါတယ်။
အခု နိဒါန်းအမျိုးမျိုးကို ဆက်လက်ဆွေးနွေးချင်ပါတယ်။ နိဒါန်းပျိုးပုံအမျိုးမျိုးအကြောင်း အနည်းငယ်ဆက်ပြီးဆွေးနွေးချင်ပါတယ်။

စာတစ်ပုဒ်မှာပေးထားတဲ့ စာပုဒ်ခေါင်းစဉ်အပေါ်မူတည်ပြီး နိဒါန်းပျိုးတဲ့ နိဒါန်းမျိုးကို ပြန်ပြောချင်ပါတယ်။ စာရေးဆရာ တက္ကသိုလ်မောင်မောင်ကြီး က သူ့ရဲ့“ဘဝမျဉ်းပြိုင်” လို့ခေါင်းစဉ်တပ်ထားတဲ့ဆောင်းပါးမှာ မျဉ်းပြိုင်သဘောဖြစ်တဲ့ဘဝရဲ့ဆိုလိုချက်ကို လက်တွေ့နဲ့ပေါင်းစပ်အဓိပ္ပါယ်ဖွင့်ဆိုတဲ့ စာပိုဒ်နဲ့နိဒါန်းပျိုးတဲ့အကြောင်း ကျနော်တို့ပြောခဲ့ပါတယ်။

နောက်ထပ် နိဒါန်းပျိုးပုံတစ်ခုကတော့ ပြောစကားများနဲ့ နိဒါန်းပျိုးပုံအကြောင်း ပြောချင်ပါတယ်။

“ခင်ဗျား ကျနော်မနေ့က ဖေ့စ်ဘုတ်မှာတင်ခဲ့တဲ့ကဗျာ ဖတ်လိုက်သေးသလားဗျ” ဟု ကျနော်က ကိုထွန်းခင်ကိုမေးလိုက်သည်။ “ဖတ်လိုက်တယ်လို့တော့ ကျနော်ထင်တယ်၊ ဆည်းဆာတစ်ခုအကြောင်းရေးတဲ့ကဗျာမဟုတ်လား” ဟု ကိုထွန်းခင်က ဖြေသည်။ “မဟုတ်ဘူးဗျ အဲဒါက တနေ့ကတင်ထားခဲ့တဲ့ကဗျာ အခုဟာက တိမ်တွေအကြောင်းရေးတဲ့ကဗျာလေဗျာ” ဟု ကျနော်က ရှင်းပြရသည်။ “အော် ဟုတ်ပြီဟုတ်ပြီ ဖတ်လိုက်ရတယ်ဗျ၊ အဲဒီကဗျာထဲမှာ တိမ်တွေတောကစားထွက်တဲ့နေရာ ဆိုတဲ့စာသားလေး ကျနော် တော်တော်ကြိုက်တယ်ဗျ”  ဟု ကိုထွန်းခင်က အားတက်သရောပြန်ပြောလာခဲ့သည်။
“ဖေ့ဘုတ်မှာ တင်တဲ့ကဗျာ”ခေါင်းစဉ်နဲ့ရေးတဲ့ ဆောင်းပါးတစ်ပုဒ်ရဲ့အစကို နိဒါန်းပျိုးထားခဲ့တာပါ။ ဒီနိဒါန်းက စိတ်ဝင်စားဖို့ကောင်းတာ တွေ့ကြရမှာပါ။  နောက်ထပ် နိဒါန်းပျိုးပုံကို ဆက်ကြရအောင်ပါ။ ဒါကြတော့ ကဗျာကောက်နှုတ်ချက်နဲ့ နိဒါန်းပျိုးထားတာ တွေ့ကြရပါလိမ့်မယ်။

    (“ရသအသစ် အထိအတွေ့အသစ် နိတ္ထိတံခြင်းအသစ် ပဌါန်းဆက်အသစ်”

အထက်ပါကောက်နှုတ်ချက်သည် “တိမ်ပူးတဲ့ရောဂါ” ကဗျာထဲက စာကြောင်းတချို့ဖြစ်ပါသည်။ “တိမ်ပူးတဲ့ရောဂါ” ကဗျာရဲ့အဖွဲ့အနွဲ့မှာ ရိုးရိုးသရုပ်ဖေါ်ဖွဲ့ကဗျာမဟုတ်ဘဲ ခေတ်ပေါ်ကဗျာအဖွဲ့ဖြစ်သဖြင့် ဤကဗျာထဲမှာပါရှိသော စာကြောင်းများ စကားလုံးများမှာ သာမာန်စာကြောင်း သာမာန်စကားလုံးများမဟုတ်ဘဲ အသစ်ဖြစ််နေခြင်း၊ အားစိုက်ပြီးမှ တွေးယူရခြင်းနှင့် နှလုံးသားနဲ့့ စဉ်းစားလက်ခံမှသာ အဆင်ပြေမည့်ကဗျာဖြစ်သည်။ )

ဒါကတော့ ကဗျာကောက်နှုတ်ချက်တချို့နဲ့ ဆောင်းပါးတစ်ပုဒ်ရဲ့ အစချီနိဒါန်းပျိုးထားတာဖြစ်လို့ စာဖတ်သူကို ကဗျာဖတ်ချင်စိတ်ဖြစ်လာအောင် နှိုးဆွပေးသလိုဖြစ်နေတာ တွေ့ကြရမှာပါ။
နောက်ထပ် နိဒါန်းပျိုးပုံလည်း ရှိပါသေးတယ်။ မြင်ကွင်းနဲ့အစချီ နိဒါန်းပျိုးထားတာပါ။

    …ဒိုင်း ဟူသောသေနတ်သံသည် အရှေ့ဘက်တောင်တန်းတလျောက်သို့ ဝေါကနဲပဲ့တင်ရိုက်ခတ်သွားလေ၏။ အိမ်သားတို့မှာ တပြိုင်နက် မျက်နှာကို လက်ဝါးဖြင့်အုပ်ထားကြလေသည်။ ပြန်ပြီး မရဲတရဲ ဖွင့်ကြည့်လိုက်သောအခါတွင် အဖေသည် သူ့လက်ထဲမှသေနတ်ကို မုန်းတီးရွံရှာစွာ ခေတ္တမျှစိုက်ကြည့်ကာ မြေပေါ်သို့ပစ်ချလိုက်ပြီး တပွက်ပွက်ယိုစီးကျလျက်ရှိသော သေးအိုင်ထဲတွင် တုံးလုံးကလေးလဲနေရှာသည့် တာတီး ကို ယူကျုံးမရ နှမြောတသစွာ မရှူနိုင်ဖြစ်နေဟန်တူ၏။….

ဒါကတော့ စာရေးဆရာ သော်တာဆွေရဲ့ “တာတီးနှင့် မဲတူ” ဝတ္ထု နိဒါန်းပျိုးထားတဲ့ စာပိုဒ်ပါပဲ။ စိတ်ဝင်စားဖို့ကောင်းအောင်ရေးထားတဲ့ နိဒါန်းအပျိုးပါပဲ။

နောက်ထပ် နိဒါန်းပျိုးပုံ ရှိပါသေးတယ်။ ဒါကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ နိဒါန်းပါပဲ။ ဖတ်ကြည့်ပါ။

    ……ကျွန်ုပ်တို့သည် စာကိုဖတ်ကြ၏။ ဘာကြောင့် ကျွနု်ပ်တို့သည် စာကိုဖတ်ကြသနည်း။ စာဖတ်ခြင်းဖြင့် ကျွန်ုပ်တို့သည် အဘယ်အကျိုးကို မျှော်ကိုးကြသနည်းဟု စစ်ဆေးမေးမြန်းရန် ရှိပေသည်။….

ဒီစာပိုဒ်ကတော့ ဆရာဇေယျ ရဲ့ “စာချစ်ပေချစ်” ဆောင်းပါး အစပြုထားပုံပါပဲ။ ဘယ်လောက်စိတ်ဝင်စားဖို့ကောင်းလိုက်ပါသလဲ။

နောက်ထပ် နိဒါန်းပျိုးပုံကို ဆက်ကြရပါဦးမယ်။ ဒီစာပိုဒ်ကတော့ စာရေးသူရည်ရွယ်တဲ့ ပရိတ်သတ်ကို တိုက်ရိုက်ရည်ညွှန်းကာပြောသည့်ဟန်နဲ့ “လူငယ်နဲ့ စကားပြေအရေးအသား” ခေါင်းစဉ်နဲ့ရေးတဲ့ဆောင်းပါးမှာ အခုလိုနိဒါန်းပျိုးတဲ့ စာပိုဒ်မျိုးပါပဲ။ စာရေးသူ တိုက်ရိုက်ရည်ညွှန်းတဲ့ ပရိတ်သတ်ကတော့ လူငယ်တွေပါပဲ။

    စာပေကို စိတ်ဝင်းစားသူ ချစ်မြတ်နိုးသူ လူငယ်တို့…။ စကားပြေအရေးအသားကို ခက်ခဲလွန်းတဲ့ဘာသာရပ်ရယ်လို့ အသေစွဲမှတ်မထားသင့်ပါဘူ။ တကယ်တော့ စကားပြေအရေးအသားဆိုတာ ကျနော်တို့ နေ့စဉ်ပြောဆိုနေတဲ့စကားများကိုပဲ အခြေခံအားဖြင့် စာချရေးတဲ့သဘောပါပဲ။ စကားပြောတာကတော့ ကြီးသည်ငယ်သည်ဟူ၍ သတ်မှတ်ချက်မရှိတာ အားလုံးအသိပါပဲ။ ပြီးတော့ ကျနော်တို့က မြန်မာလူမျိုးတွေလည်း ဖြစ်ကြပါတယ်။ ဒီတော့ကာ မြန်မာစာကို အလွယ်လေးချရေးရင် ရမယ်လို့လည်း ထင်တတ်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စာတိုပေစ တစ်ကြောင်းနှစ်ကြောင်းချရေးပြီး အပြောင်အပျက်လည်း စကြနောက်ကြတာမျိုးလည်းရှိပါတယ်။ ဒါကြောင့်မို့ မြန်မာစာအရေးအသားကို အင်မတန်လွယ်ကူတယ်လို့ပဲ စဉ်းစားတတ်ကြပါတယ်။ တကယ်တော့ အဲသလိုမဟုတ်ပါဘူး။ မြန်မာစာမှာ အခြေခံစည်းမျဉ်းကမ်းတွေရှိပါတယ်။ တချို့စည်းမျဉ်းစည်းကမ်းတွေဆိုရင် နည်းနည်းလေးမှ အတိမ်းအစောင်းမခံ တိတိကျကျ ရှိပါတယ်။ ဒါကြောင့်မို့ လွယ်လွယ်လေးနဲ့ ရေးလို့ရတယ်လို့တော့ ထင်မထားစေချင်ပါ။……

ဒီစာပိုဒ်ဟာ ပရိတ်သတ်တစ်ခုခုကို ရည်ရွယ်ပြီးရေးတဲ့ဆောင်းပါးမှာ ပါရှိတဲ့ နိဒါန်းစာပိုဒ်ပါပ။ဲ

ကဲ ဒီမှာတွင် ရပ်နားကြရအောင်ပါ။ နောက်နေ့တွေကြမှ ဆက်လက်ဆွေးနွေးကြတာပေါ့။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေ။

 

Mizzima Weekly