တပ်မတော်ယာဉ်တန်း ပစ်ခတ်ခံရမှုအတွက် KNU ကို တပ်မတော်မှ ကန့်ကွက်စာပေးပို့

တပ်မတော်ယာဉ်တန်း ပစ်ခတ်ခံရမှုအတွက် KNU ကို တပ်မတော်မှ ကန့်ကွက်စာပေးပို့

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ။            ။ ပြီးခဲ့သည့်ရက်ပိုင်းက ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် တပ်မတော်ယာဉ်တန်းကို ကရင်အမျိုးသား အစည်း အရုံး (KNU) တပ်ဖွဲ့ဝင်တချို့ကပစ်ခတ်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ တပ်မတော်မှ KNU ကို JMC ကတစ်ဆင့် ကန့်ကွက်စာပေးပို့ထားကြောင်း JMC-U အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီးဝဏ္ဏအောင် ကပြောသည်။

 ဇန်နဝါရီ ၁၈ ရက်နေ့က ဖာပွန်မြို့နယ် ဘော်စဲခိုကျေးရွာအနီး တပ်မတော်၏ရိက္ခာထောက်ပံ့ရေးပစ္စည်း ပို့သည့် ယာဉ်တန်းဖြတ်သန်းလာစဉ် KNU ဘက်မှ ထောင်ထားသည့် ကားမိုင်းကို နင်းမိပေါက်ကွဲခဲ့ပြီးတဲ့နောက် ၂ ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့ရကြောင်း တပ်မတော်မှသတင်းထုတ်ပြန်ခဲ့သည်။

 “ JMC ကနေပြီး အကြောင်းကြားထားပြီဗျ။ သက်ဆိုင်ရာ KNU ကလူတွေကို ကိုယ်တို့ပို့ထားပါတယ်။ ဖြစ်တဲ့ ဖြစ်စဉ်မှာ NCA နဲ့ပတ်သက်ပြီး ချိုးဖောက်မှုဖြစ်တဲ့အတွက် စိစစ်ပြီးတော့ အရေးယူမှုကိုအကြောင်းပြန်ဖို့ဆိုပြီး ပို့ထားတာဖြစ်ပါတယ်” ဟု မဇ္စျိမသို့ ဗိုလ်မှူးကြီးဝဏ္ဏအောင်ကပြောသည်။

 အဆိုပါ တပ်မတော်ယာဉ်တန်းဖြတ်သန်းလာသည့်နေရာသည် KNU ၏ ကန့်သတ်နေမြေဖြစ်ကြောင်း တပ်မတော်အနေဖြင့် ဖာပွန်ခရိုင်တွင် နယ်မြေတို့ချဲ့ရန် လမ်းဖောက်လုပ်ခြင်းများကို မပြုလုပ်ဖို့ကို KNU ဘက်မှ ထုတ်ပြန်ပြောဆိုထားသည်။

 “ KNU နဲ့ကျွန်တော်တို့နဲ့ NCA စာချုပ်အပေါ်အကောင်အထည်ဖော်မှုကတော့ အခြေအနေကောင်းပါတယ်။ လိုက်နာမှုရောက အခြေနေကောင်းပြီး သားပါ။ နှစ်ဖက် အောက်ခြေအဆင့်မှာတော့ သတင်းမသိရတာတို့ ဘာတို့တော့ရှိမှာပေါ့။ ဒါကလည်း JMC လမ်းကြောင်းကနေသွားရင် အဆင်ပြေသွားမယ့် ကိစ္စတွေပါ” ဟု ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဇော်ဝင်းထွန်းကဆိုသည်။

တပ်မတော်ဘက်မှ အုပ်ချုပ်ရေးကိစ္စရပ်များဆောင်ရွက်ရန်အတွက် ယခင်ဖောက်လုပ်ခဲ့သည့် လမ်းများကို ပြန်လည်ပြုပြင်ခြင်းများသာရှိသည်ဟု တပ်မတော်မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။

ယင်းကိစ္စအတွက် JMC အနေဖြင့် KNU သို့စာပေးပို့ထားကာ စီစစ်နေပြီး လတ်တလော အကြောင်း ပြန်လာခြင်းမျိုး မရှိသေးကြောင်းလည်းသိရသည်။

အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ KNU ဗဟိုဌာနချုပ် မှတာဝန်ရှိသူအချို့ထံ မဇ္စျိမမှဆက်သွယ်ရန်ကြိုးစား ခဲ့သော်လည်း ဖုန်းအဆက်အသွယ်မရရှိခဲ့ပေ။

 ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) သည် NCA ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်များအချင်းချင်းနှင့် တပ်မတော်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများ မရှိစေရန်နှင့် ရှိခဲ့ပါက ကြားဝင်ညှိနှိုင်းပေးရန် NCA စာချုပ်အရ ဖွဲ့စည်းထားသော အဖွဲ့လည်းဖြစ်သည်။

 ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးဦးဆောင်သည့် ထိပ်ပိုင်းခေါင်းဆောင်များနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်တို့ ၂၀၁၇ ခုနှစ် မေလ ၁၇ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးအပြီး တပ်မတော်မှ ဖာပွန်ခရိုင်တွင် လမ်းဖောက်လုပ်မှုများ အားလုံးကို ရပ်ဆိုင်းပေးခဲ့ခြင်းဖြစ်သည်။

 ထို့နောက် ၂၀၁၇ ခုနှစ်အတွင်း ဖာပွန်ခရိုင်တွင် တပ်မတော်နှင့် KNU တို့၏တိုက်ပွဲများရပ်စဲခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလနှောင်းပိုင်းမှ ယခုအကြိမ် ပြန်လည်ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required