မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်တံတား လေးရက်ကြာပိတ်မည်

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်တံတား လေးရက်ကြာပိတ်မည်

ကလေး၊ ဇန်နဝါရီ - ၂၃ ။              ။ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်တံတားအပေါ် ဖြတ်သန်းသွားလာမှုကို ဇန်နဝါရီ ၂၁ စတင်၍ လေးရက်ကြာ ပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖြတ်သန်းမှု ပိတ်သိမ်းခြင်းကို ဇန်နဝါရီ ၂၁ စတင်၍ ၂၂၊၂၅၊၂၆ ရက်နေ့အထိ ပိတ်ထားမည်ဟု သိရပြီး အိန္ဒိယနိုင်ငံ၏ (၇၀)နှစ်မြောက် Republic Day အထိမ်းအမှတ်အခမ်းအနားကျင်းပမှုကြောင့်ဖြစ်ကြောင်း သိရသည်။

 "အခုလိုပိတ်တာဟာ အိန္ဒိယနိုင်ငံ အာသံတပ်မတော်က Director General (DG) တာဝန်ထမ်းဆောင် နေသူ ဒုတိယဗိုလ်ချုပ်ကြီး Sangwanလာမှာမို့ ပိတ်သလို အိန္ဒိယနိုင်ငံ၏ (၇၀)နှစ်မြောက် Republic Day အထိမ်း အမှတ်အခမ်းအနားကျင်းပမှာဖြစ်တဲ့အတွက်ကြောင့် ပိတ်တာ"ဟု ရိခေါ်ဒါရ်မြို့နယ် ပြန်/ဆက် ဦးစီးမှူး ဦးလာလ်ပက်လောမ်ကပြောသည်။

 အဆိုပါ နယ်စပ်တံတားအပေါ် ဖြတ်သန်းသွားလာမှုများ ခေတ္တရပ်ဆိုင်းရာတွင် မော်တော်ယာဉ်ငယ်များ၊ ဆိုင်ကယ်များ၊ လက်တွန်းလှည်းများ၊ လူနှင့် ကုန်စည်စီးဆင်းမှုများကို တစ်ဖက်အိန္ဒိယနိုင်ငံဘက်မှ ခေတ္တ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

 အိန္ဒိယနိုင်ငံ အာသံတပ်မတော်မှ Director General (DG) တာဝန်ထမ်းဆောင်နေသူ ဒုတိယ ဗိုလ်ချုပ်ကြီး Sangwan သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် (အိန္ဒိယဘက်ခြမ်း) ရှိ ဇိုခေါထာရ်စခန်းသို့ ဇန်နဝါရီ ၂၁ ရက်၌ ရဟတ်ယာဉ်ဖြင့် အလည်အပတ်လာရောက်မည်ဖြစ်ပြီး ဇန်နဝါရီ ၂၁ ရက်နှင့် ၂၂ ရက်နေ့များတွင် (၂)ရက်ကြာ လည်းကောင်း၊ အိန္ဒိယနိုင်ငံ၏ (၇၀)နှစ်မြောက် Republic Day အထိမ်းအမှတ်အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်၌ ကျင်းပပြုလုပ်မည် ဖြစ်သောကြောင့် ဇန်နဝါရီ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် (၂)ရက်ကြာ လည်းကောင်း မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်တံတားအပေါ် ဖြတ်သန်းသွားလာမှုကို ခေတ္တရပ်ဆိုင်းထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly