ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာအောင်သူ မဲဆွယ်စည်းရုံးရေးဗီနိုင်း ဆုတ်ဖြဲခံရ

ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာအောင်သူ မဲဆွယ်စည်းရုံးရေးဗီနိုင်း ဆုတ်ဖြဲခံရ

ရန်ကုန်၊ စက်တင်ဘာ ၃၀။ ။ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ရာမှ အငြိမ်းစားယူကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရောက်သူ ဒေါက်တာအောင်သူ၏ မဲဆွယ်စည်းရုံးရေး ဗီနိုင်းကို စုတ်ဖြဲခံခဲ့ရသည်ဟု လှိုင်မြို့နယ် NLD ပြန်ကြားရေးတာဝန်ခံ ဦးထက်အောင်မင်းက စက်တင်ဘာ ၃၀ရက်တွင် မဇ္ဈိမကိုပြောသည်။

"ဒေါက်တာအောင်သူနဲ့ ဦးအောင်ကျော်ကျော်ဦးတို့ နှစ်ယောက်ရဲ့ မျက်နှာတည့်တည့်မှာ အရာဝတ္တုတစ်ခုနဲ့ ထိုးပြီး ဆုတ်ဖြဲသွားတာ၊ အလယ်တည့်တည့်ကို လုပ်သလိုမျိုးပဲ။ ဗီနိုင်းကတော့ ထောင်ထားတဲ့အတိုင်း ဆက်ရှိနေတယ်" ဟု ပြောသည်။

လှိုင်မြို့နယ်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်အမတ်လောင်း ဦးအောင်ကျော်ကျော်ဦး၊ အမျိုးသားလွှတ်တော်အမတ်လောင်း ဒေါက်တာအောင်သူနှင့် ရန်ကုန်တိုင်းလွှတ်တော်၊ လှိုင်မဲဆန္ဒနယ်အမှတ် ၂ အမတ်လောင်း၊ ဒေါ်ခိုင်မာဌေးတို့၏ မဲဆွယ်စည်းရုံးရေး ဗီနိုင်းများကို စက်တင်ဘာ ၂၉ရက်ညနေ ၅နာရီတွင် စိုက်ထူခဲ့ခြင်းဖြစ်သည်။

ယင်းအချိန်မှ ညပိုင်း ၂နာရီအထိ မဲဆွယ်စည်းရုံးရေး ကိုယ်စားလှယ်လောင်း မိတ်ဆက်ဗီးနိုင်မှာ မူလအတိုင်း ရှိနေသော်လည်း နံနက်ပိုင်း ၅နာရီခန့်တွင် ဆုတ်ဖြဲခံထားရသည့် အနေအထားဖြင့် တွေ့ရှိရခြင်းဖြစ်သည်ဟု ဗီးနိုင်အနီးရှိ နေအိမ်များမှသိရသည်ဟု ဦးထက်အောင်မင်းက ဆိုသည်။

ဗီနိုင်းအတွင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကိုယ်စားလှယ်လောင်း လေးဦးတို့ပါဝင်သော်လည်း ယာဖက်အစွန်ဆုံးနှင့် ဘယ်ဖက်အစွန်ဆုံးမှ နှစ်ပုံကမူလအတိုင်းရှိနေပြီး အလယ်ရှိပုံနှစ်ခုသာ ဆုတ်ဖြဲခံရခြင်း ဖြစ်သည်။ ယင်းသို့ဆုတ်ဖြဲခံရခြင်းနှင့် ပက်သက်ပြီး မြို့နယ်၊ ရပ်ကွက်ရှိ ရွေးကောက်ပွဲကော်မရှင်၊ အထွေထွေ အုပ်ချုပ်ရေးရုံးများ အပြင် မြို့နယ် ရဲစခန်းတို့ကိုပါ အသိပေးထားပြီး၊ မြို့နယ် ဥပဒေအထောက်အကူပြုအဖွဲ့၊ အမတ်လောင်းတို့နှင့် ဆွေးနွေးမှုအရသာ ဆက်လက်ဆောင်ရွက်မည်ဟုလည်း လှိုင်မြို့နယ် NLD မှသိရသည်။

မဲဆွယ်စည်းရုံးခြင်း ကိုယ်စားလှယ်လောင်း မိတ်ဆက်ဗီနိုင်းကို လှိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် ၂အတွင်းပါဝင်သည့် ၁၂ရပ်ကွက်တွင် စိုက်ထူထားခြင်းလည်းဖြစ်သည်။ လှိုင်မြို့နယ်တွင် ရပ်ကွက်ပေါင်း ၁၆ ခု ထိရှိပြီး အမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၁၄၊ ၁၅တို့သည်အမှတ် တိုင်းလွှတ်တော် အမှတ် ၁မဲဆန္ဒနယ်အတွင်း ပါရှိကာ ကျန်ရှိသည့် ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၆တို့က အမှတ် ၂အတွင်းပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly