လွှတ်တော်၌ အဆိုမတင်ခင် တိုင်းအစိုးရထံ တိုင်ပင်ညှိနှိုင်းရန် မကွေးဝန်ကြီးချုပ် ပြောဆို

လွှတ်တော်၌ အဆိုမတင်ခင် တိုင်းအစိုးရထံ တိုင်ပင်ညှိနှိုင်းရန် မကွေးဝန်ကြီးချုပ် ပြောဆို
ဓာတ်ပုံ- မကွေးတိုင်းဒေသကြီးလွှတ်တော်

မကွေး၊ ဇန်နဝါရီ ၂၂ ။          ။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်၌ အဆိုတင်မည်ဆိုပါက အစိုးရနှင့် တိုင်ပင်ညှိနှိုင်းပေးစေလိုကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောသည်။

 “အဆိုတိုင်းကို စေတနာ မေတ္တာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်ထောင်စုခေါင်းစဉ်နဲ့ အဆိုတိုင်းကို အသိအမှတ် ပြုပါတယ်။ လေးစားပါတယ်။ သို့သော်လည်းပဲ အကောင်အထည်ဖော်ရတဲ့နေရာမှာ အခက်အခဲလေးတွေ ရှိတဲ့အတွက်ကြောင့် လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ကိုယ်စားလှယ်များအနေနဲ့ အဆိုတင်မယ်ဆိုရင်တော့ ကျွန်တော် တို့ အစိုးရနဲ့တိုင်ပင်ညှိနှိုင်းပေးစေလိုပါတယ်” ဟု ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (၁၁)ရက်မြောက်နေ့ ကျင်းပပြုလုပ်ရာတွင် ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဥပမာအနေနဲ့ တင်း တောင်း အလေးအချိန်အတွယ်ကိစ္စ၊ ရန်ကုန်နဲ့မန္တလေးတို့မှာ ၁ပဲကို ရရွေးလား ၈ရွေးလား ငြင်းကြတုန်းပါပဲ။ အခုအထိ ငြင်းခုန်နေကြတုန်းပါပဲ။ မရဘူး။ ကျွန်တော်တို့ပြောပါတယ်။ ၁၆ပြည် တင်းတောင်း နဲ့ဝယ်ပါ၊ ရောင်းပါဆိုတာ မဝယ်ပါဘူး။ ၁၆ပြည်တင်းတောင်းကို ၃ပြည် ၄ပြည် ဆောင်းပြီးတော့မှ တစ်ရာ နှစ်ရာ ကျပ် တိုးပေးပြီး အဲ့ဒါနဲ့ ဝယ်ရောင်းနေကြပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

အဆိုပါ ကိစ္စများ အကောင်အထည်ဖော်ဆောင်ရန် ခက်ခဲသောကြောင့် ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီး၏ လွှတ်တော်တွင် အကောင်အထည်ဖော်ဆောင်ရန် ခက်ခဲသောအဆိုများကို တင်သွင်းခြင်းမပြုပါရန် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ ပြောကြားပြီး ဆက်လက်၍ အစိုးရအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထိုသို့ ဝန်ကြီးချုပ်၏ ရှင်းလင်းပြောကြားမှုများကို မကွေး တိုင်းဒေသကြီးလွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly