တက္ကသိုလ်တက်ပြီး ဘွဲ့ရမှပညာတတ်ခြင်းမဟုတ်ဘူးဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ဆို

By သူရိယထက်၊ဘုန်းနိုင်ဖြိုး
22 January 2019
တက္ကသိုလ်တက်ပြီး ဘွဲ့ရမှပညာတတ်ခြင်းမဟုတ်ဘူးဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ဆို

ကလေး၊ဇန်နဝါရီ - ၂၂ ။            ။ တက္ကသိုလ်တက်ပြီး ဘွဲ့ရမှပညာတတ်ခြင်းမဟုတ်ဘူးဟု အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ဇန်နဝါရီ ၂၂ ရက်နေ့ နေ့လယ်ပိုင်းက ကလေးမြို့လူထုနှင့်တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

 "တက္ကသိုလ်တက်ပြီး ဘွဲ့ရမှပညာတတ်ခြင်းမဟုတ်ပါဘူးဆိုတာ ကျွန်မတို့ပြည်သူပြည်သားတွေ နားလည် စေချင်တယ်။အခုကျွန်မတို့ အသက်မွေးဝမ်းကျောင်းပညာရေး အားပေးနေပါတယ်။တချို့က အသက်မွေး ဝမ်းကျောင်း ပညာသင်တာဟာ တက္ကသိုလ်နဲ့မတူဘူး။ပိုပြီးတော့ နိမ့်ကျတယ်ထင်နေတာပါ။တကယ်တော့ မနိမ့်ကျပါဘူး။မတူတဲ့စနစ်နှစ်မျိုးပဲ ပြောလို့ရတာပါ " ဟု ဒေါ်အောင်ဆန်းစုကြည်ပြောသည်။

ကမ္ဘာပေါ်ရှိ အင်မတန်မှအတိုးတက်ဆုံးနှင့်အင်မတန်မှချမ်းသားဆုံးနိုင်ငံများတွင် တက္ကသိုလ်ပညာ သင်ခြင်းနှင့် အသက်မွေးဝမ်းပညာသင်ခြင်း နှစ်ခုစလုံးသည် တန်းတူညီတူရှိကြောင်း သိရသည်။

 "အထူးသဖြင့် တခြားနိုင်ငံတွေမှာ အသက်မွေးဝမ်းကျောင်းတွေကို အားထားလာတယ်။အခုဘွဲ့ရသူတွေမှာ အလုပ်မရှိဘူးဖြစ်နေတာပါပဲ။နှစ်ပေါင်းများစွာ ဘွဲ့ရပြီးမှ အလုပ်အကိုင်တောင်မရှိဘူးဆိုတာ မဖြစ်သင့် ပါဘူး။ဒါတွေပြုပြင်ဖို့အတွက် ကျွန်မတို့ပြည်သူပြည်သားများ အလုပ်ရရှိဖို့အတွက် လုပ်ဆောင်မယ်။ဒါတွေကို ကလေးတွေသေချာမှတ်ထားစေချင်တယ်။တက္ကသိုလ်တက်မှ ပညာတတ်မှာ မဟုတ်ပါဘူး။ အသက်မွေး ဝမ်းကျောင်းပညာကို ဒီတိုင်းသွားမယ်ဆိုရင် ကိုယ့်ပညာရေးချက်ချင်းပြီးလာတာနဲ့ချက်ချင်းအလုပ်ရဖို့ အလာလာရှိပါတယ်"ဟု အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆိုသည်။

 ယခင်က ပညာရေးစနစ်သည် ဘွဲ့ရပြီးပါက ချက်ချင်းအလုပ်ရရှိခြင်း မရှိသောကြောင့် စိတ်မကောင်းကြောင်း နှင့်ယင်းကိစ္စရပ်များကို ပြုပြင်ပြောင်းလဲရန် တတ်နိုင်သလောက် အမြန်ဆုံးလုပ်နေကြောင်း သိရသည်။

 ယခုလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သော ချင်းပြည်နယ် ဖလမ်းမြို့လူထုတွေ့ဆုံပွဲတွင်လည်း အဆင့်မြှင့်ပညာရေး ဆိုသည်မှာ တက္ကသိုလ်ဘွဲ့ရမှမဟုတ်ဘူးဟု အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required