သားဖြစ်သူ “Heroes Awards” ဆု ချီးမြှင့်ခံရမည့်အပေါ် ဂုဏ်ယူတယ်ဆိုတဲ့ ဥက္ကာမင်းမောင်ရဲ့ အမေ

သားဖြစ်သူ “Heroes Awards” ဆု ချီးမြှင့်ခံရမည့်အပေါ် ဂုဏ်ယူတယ်ဆိုတဲ့ ဥက္ကာမင်းမောင်ရဲ့ အမေ
 ဓာတ်ပုံ-ရဲထူးဝင်း

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ။          ။ မော်ဒယ်သရုပ်ဆောင် ဥက္ကာမင်းမောင်ကို LGBT အရေး ဆောင်ရွက်နေတဲ့အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ & Proud အဖွဲ့က “Heroes Awards” ဆုချီးမြှင့်သွားမှာ ဖြစ်ပြီး သားဖြစ်သူအတွက် ဂုဏ်ယူတယ်လို့ မိခင်ဖြစ်သူက ပြောဆိုလိုက်ပါတယ်။

“အရေးကြီးတာ ထူးချွန်ဖို့ပဲ။ ကိုယ့်သားသမီး ရပ်တည်တဲ့ နေရာမှာ မဟုတ်တာတွေ လုပ်မနေဖို့၊ သူ့ဘဝ တက်လမ်း လမ်းကြောင်းအတွက်ကို နည်းလမ်းပြနေတယ်။အခုဆိုရင်လည်း သူဘယ်လိုပဲ ဖြစ်နေဖြစ်နေ MRS TOURISM WORLD မှာ နိုင်ငံတွေမှာ မြန်မာနိုင်ငံရဲ့ ဂုဏ်ကို ဆောင်နိုင်ခဲ့တယ်။ဘယ်လိုပဲ ဖြစ်နေဖြစ်နေ အကောင်းဆုံး ENGLISH SPEAKER ဆုကို ရခဲ့တယ်။တကယ်တော့ SPEAKER ဆုရဖို့ဆိုတာလည်း မလွယ်ဘူး။၂ နာရီ၊ ၃ နာရီလောက် အင်တာဗျူးတွေ မေးတယ်။ အသံလွှင့်ရုံမှာလည်း အင်္ဂလိပ်လို အမေး၊ အဖြေတွေ လုပ်တယ်။ အဲ့လို ဆုတွေ ရခဲ့တာကိုက အန်တီအတွက် ဂုဏ်ယူစရာပါပဲ” လို့ ဥက္ကာမင်းမောင်ရဲ့ မိခင် ဒေါ်နီလာသိန်းမြင့်က ပြောပါတယ်။

ဇန်နဝါရီလ ၂၂ ရက်၊ ဗဟန်းမြို့၊ Gothe Institute တွင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန် ကြေညာခဲ့တာဖြစ်ပြီး ပြည်ပမှာ နေထိုင်တာများတဲ့ ဥက္ကာမင်းမောင်အစား သူ့မိခင် ကိုယ်တိုင်  တက်ရောက်ခဲ့တာပါ။

ဒီဆုကိုတော့  လာမဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စတင်ကျင်းပမယ့် Yangon Pride ပွဲတော်မှာ ချီးမြှင့်မှာ ဖြစ်ပြီးတော့ ဥက္ကာမင်းမောင်ဟာ လိင်တူချစ်သူလို့ ရဲရဲဝံ့ဝံ့ ဝန်ခံခဲ့သူလည်း ဖြစ်ပါတယ်။

 “Heroes Awards” ဆုဆိုတာကတော့ မြန်မာနိုင်ငံမှာရှိတဲ့ LGBT IQ ဖြစ်တည်မှုများကို အကောင်းမြင်လာအောင် မီးမောင်းထိုးပြသူတွေကိုချီးမြှင့်တဲ့ ဆုဖြစ်တယ်လို့ သိရပါတယ်။

 “အန်တီက ဥက္ကာမင်းမောင်ရဲ့ အမေဖြစ်သွားတယ်။ ဂေးတစ်ယောက်ရဲ့ အမေဖြစ်သွားတယ်။အဲ့ဒီအချိန်မှာ အန်တီက Gay တွ၊ LESBIAN တွေအားလုံးကို အများကြီး နားလည်ပေးနိုင်လာတယ်။ဘာဖြစ်လို့လဲဆိုတော့ အန်တီက သား ဂေးဖြစ်တဲ့ပေါ်မှာ ဘယ်လိုပြောင်းလဲလို့ရမလဲ။ ပြောင်းလဲလို့ရတဲ့ အရာလား၊ ပြောင်းလဲလို့ မရတဲ့ အရာလား။ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာကို စာတွေ အရမ်းလိုက်ဖတ်ခဲ့တယ်။အဲ့လိုဖတ်တဲ့အခါ ဒီကလေးတွေရဲ့ ဘဝတွေ၊ အခြေအနေတွေ ပိုပြီးနားလည်လာတယ်။ နားလည်လာတဲ့ အချိန်မှာ တခြားသော အန်တီ့လို မိခင်တွေကိုလည်း နားလည်စေချင်တယ်” လို့ ဥက္ကာမင်းမောင်ရဲ့ မိခင်က ပြောပါတယ်။

LGBT ဆိုလိုရင်းမှာ  (LESBIAN)အမျိုးသမီးချင်း ချစ်ကြိုက်သူ၊ (GAY) အမျိုးသားချင်း ချစ်ကြိုက်သူဖြစ်ပြီး (BISEXUAL) ယောကျ်ား၊မိန်းမ နှစ်မျိုးလုံး ချစ်ကြိုက်သူဖြစ်ပြီး၊ (TRANSGENDER)ကတော့ လိင်ပြောင်းလဲ ခွဲစိတ်ထားသူတွေကို ဆိုလိုတာပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly