ဘဏ်ငွေသွင်းကောင်တာအရှေ့ တမံတလင်းပေါ်တွင် ထားရှိသော ကျပ်သိန်း ၃၅၀ ပိုက်ဆံအထုပ် အခိုးခံရ

ဘဏ်ငွေသွင်းကောင်တာအရှေ့ တမံတလင်းပေါ်တွင် ထားရှိသော ကျပ်သိန်း ၃၅၀ ပိုက်ဆံအထုပ် အခိုးခံရ

မုံရွာ၊ ဇန်နဝါရီ ၂၂ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်အတွင်း ငွေသွင်းကောင်တာအရှေ့ တမံတလင်း ပေါ်တွင် ထားရှိသော ငွေကျပ်သိန်း ၃၅၀ ပိုက်ဆံထုပ်တစ်ခုသည် ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်တွင် ခိုးယူခံရမှု ဖြစ်ပွားခဲ့သည်။

ပျောက်ဆုံးသူသည် ဘဏ်သို့ငွေသွင်းရန်အတွက် ကုမ္ပဏီပိုင်ငွေကျပ်သိန်း ၃၅၀ ပါအိတ်(၁)အိတ်၊ ကျပ်သိန်း ၁၃၀ ပါ (၁)အိတ်၊ စုစုပေါင်း ၂ အိတ်အား ယူဆောင်၍ ဘဏ်ငွေသွင်းကောင်တာရှေ့တွင် ကျပ်သိန်း (၁၃၀)ပါ ငွေထုပ်အား အောက်မှထားပြီး သိန်း(၃၅၀)ပါ ငွေထုပ်အား အပေါ်မှတင်ကာ ငွေထုပ် ၂ ထုပ်အား ခြေထောက် အရှေ့ တမံသလင်းပေါ်တွင် ချထားပြီး ငွေသွင်းရန် အလှည့်စောင့်ဆိုင်းနေခဲ့သည်။

ထို့နောက် ပိုက်ဆံထုပ် ၂ ထုပ်အား ထားခဲ့ပြီး အလှည့်ကျော်သွားသည်ထင်၍ ဘယ်ဘက်သို့နေရာရွေ့ကာ အလှည့်ရောက်မရောက် သွားရောက်မေးမြန်းကာ ပိုက်ဆံထားသည့်နေရာသို့ ပြန်လှည့်လာပြီး ပိုက်ဆံထုပ်(၂) ထုပ်အားယူမည်ပြုစဉ် သိန်း (၁၃၀)ကျပ်ပါငွေထုပ်ကိုသာ တွေ့ရှိခဲ့ပြီး သိန်း (၃၅၀)ပါ ငွေထုပ်မှာ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။

" အခင်းဖြစ်တဲ့နေရာကို သွားစစ်ဆေးတဲ့အခါမှာ ဘဏ်အတွင်းထဲ CCTV (၄) လုံးက ပျက်နေတော့ ကောင်တာ မှာ ဘာတွေဖြစ်သွားတယ်ဆိုတာ ကြည့်လို့မရဘူး။ ကျန်တဲ့ CCTV (၃)လုံးက ရတဲ့မှတ်တမ်းတွေကလဲ လမ်း အပြင်ဘက်ရယ်၊ ပင်စင်ထုတ်ပေးတဲ့နေရာရယ်၊ ATM စက်ရယ်ပဲ ကြည့်လို့ရတယ်။ ဘဏ်အဝင်အထွက်ကို ကြည့်လို့မရဘူး။ အဲ့ဒီအတွက် ဘာမှလုပ်လို့မရဘူးဖြစ်နေတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြင်ပ CCTV မှတ်တမ်း တွေနဲ့ စုံစမ်းတာတွေ၊ တရားခံဖမ်းဆီးနိုင်ရေး အတွက် နယ်ထိန်းတပ်ဖွဲ့ဝင်တွေနဲ့ လိုက်လံစုံစမ်းတာတွေ ပြုလုပ်နေပါတယ် " ဟု မုံရွာမြို ့မရဲစခန်း စခန်းမှ မဇ္ဈိမ သို့ပြောသည်။

ဘဏ်အတွင်းတွင် CCTV (၄)လုံး၊ ဘဏ်ပြင်ပတွင် CCTV (၃)လုံး တပ်ဆင်ထားပြီး ယင်း CCTV များအားလုံး ကောင်းမွန်နေကြောင်း ငွေကျပ်သိန်း ၃၅၀ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဘဏ်သို့ သွားရောက်မေးမြန်းစဉ် တွေ့ ရှိခဲ့ရသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ ဘဏ်မန်နေဂျာအား မေးမြန်းရာ ရဲအရေးပိုင်သည့် အမှုဖြစ်၍ ရဲကိုသာမေးရန် ပြန်လည်ဖြေကြားခဲ့သည်။

" ငွေသွင်းဖို့ရောက်လာကတည်းက ငွေထုပ်ကိုကောင်တာပေါ်မှာ တင်ထားတာမဟုတ်ပါဘူး။ အဲ့ဒီငွေက အပြင်ကနေ ပါလာသလား၊ မပါလားဆိုတာလဲ မသိဘူး။ ပြီးတော့ ဒီကိစ္စက ဘဏ်နဲ့လဲလုံးဝမဆိုင်ပါဘူး။ CCTVက ရတဲ့မှတ်တမ်းတွေကို ရဲကကူးသွားပါပြီ ဒီဖြစ်စဉ်က ဘဏ်နဲ့ လုံးဝမဆိုင်ပါဘူး " အမည်မဖော်လိုသူ ဘဏ်ဝန်ထမ်းတစ်ဦးမှ ဆိုသည်။

အဆိုပါ ဘက်အတွင်း ငွေကျပ် သိန်း(၃၅၀)ပျောက်ဆုံးမှုနှင့်ပတ်သက်၍ မုံရွာမြို့မရဲစခန်းတွင် (ပ)၇၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ - ၃၈၀ ဖြင့်အမှုရေးဖွင့်ထားပြီး မုံရွာမြို့တွင် ယခုကဲ့သို့ ဘဏ်အတွင်းငွေပျောက်ဆုံးမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မုံရွာမြို့တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အထိ ၃ လအတွင်း ဘဏ်မှငွေထုတ်အပြန် ဆိုင်ကယ်တူးဘောက်အတွင်းမှ ငွေကျပ် (၂၅)သိန်းခိုးခံရမှုတစ်မှု၊ ငွေကျပ် ၄၅သိန်း ခိုးခံရမှုတစ်မှု စုစုပေါင်း (၂)မှု ဖြစ်ပွားခဲ့ပြီး တရားခံဖမ်းဆီးရမိခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required