အင်္ဂလန်အသင်းဝါရင့်နောက်ခံလူဟောင်း အက်ရှ်လေးကိုးလ်ကို ခေါ်ယူစာချုပ်လိုက်တဲ့ ဒါဘီကောင်တီ

အင်္ဂလန်အသင်းဝါရင့်နောက်ခံလူဟောင်း အက်ရှ်လေးကိုးလ်ကို ခေါ်ယူစာချုပ်လိုက်တဲ့ ဒါဘီကောင်တီ
Photos: Derby County

ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီအသင်းဟာ အင်္ဂလန်ဘယ်နောက်ခံလူဟောင်း အက်ရှ်လေကိုးလ်ကို ရာသီကုန်ထိ စာချုပ်ချုပ်ဆိုခေါ်ယူခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံအသင်းအတွက် ပွဲပေါင်း ၁၀၇ ပွဲ ကစားပေးခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် ကိုးလ်ဟာ ချယ်လ်ဆီးနှင့် နိုင်ငံလက်ရွေးစင်အသင်းဖော်ဟောင်း လက်ရှိ ဒါဘီနည်းပြ ဖရန့်လမ်းပတ်နဲ့ ပြန်လည်ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

ကိုးလ်ဟာ အောက်တိုဘာလက မေဂျာလိဂ်ကလပ် အယ်လ်အေ ဂလက်စီအသင်းမှ မထွက်ခွာခင် ပြီးခဲ့တဲ့ရာသီက အမေရိကန်ကလပ်အသင်းအတွက် ၃၂ ပွဲကစားခဲ့ပါတယ်။

သူဟာ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့အတွက် ပရီးမီးယားလိဂ်ပွဲပေါင်း ၃၈၄ ပွဲကစားခဲ့ပြီး အီတလီစီးရီးအေမှာ ရိုးမားအတွက်လည်း ကစားခဲ့ပါသေးတယ်။

လမ်းပတ်က လန်ဒန်ဖွား ကိုးလ်ကို “မကြာသေးတဲ့ မျိုးဆက်ရဲ့ အကောင်းဆုံး အင်္ဂလန်ဘယ်နောက်ခံလူ”လို့ ညွှန်းဆိုခဲ့ပြီး သူဟာ ဆုဖလားတွေ ထမ်းပိုးရင်းနဲ့ ကစားသမားဘဝကို ပျော်ရွှင်နေသူလို့ ဆိုပါတယ်။

ကိုးလ်ဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလား ၁ ကြိမ်စီ ဆွတ်ခူးခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၇ ကြိမ်နဲ့ လိဂ်ဖလား ၁ ကြိမ်တို့ကို ကိုင်မြှောက်ခဲ့သူလည်းဖြစ်ပါတယ်။

ဒီရာသီ ချန်ပီယံရှစ်ပြိုင်ပွဲမှာ အသက်အကြီးဆုံးကစားသမားဖြစ်လာမယ့် ကိုးလ်မှာ ထိရောက်တဲ့ခေါ်ယူမှုဖြစ်လာနိုင်တယ်လို့ လမ်းပတ်ကေ ကျေနပ်နေတယ်လို့ ဆိုပါတယ်။

“သူဟာ အံ့သြစရာကောင်းတဲ့ ကစားသမားတစ်ဦးပါ။ အရည်အသွေးပြည့်ဝတဲ့ ဘယ်နောက်ခံလူတစ်ဦးဖြစ်ပါတယ်။ နောက်ပြီး အသင်းရဲ့ အဝတ်လဲခန်းကိုလည်း သူ့ရဲ့ များပြားလှတဲ့ အတွေ့အကြုံနဲ့ ဦးဆောင်ပါလိမ့်မယ်။”လို့ လမ်းပတ်က ကလပ်အသင်းရဲ့ ဝက်ဘ်ဆိုက်မှတဆင့် ပြောခဲ့ပါတယ်။

“ကျနော်ဟာ ချယ်လ်ဆီးနဲ့ အင်္ဂလန်အသင်းတွေမှာ အတူတူရှိ ကစားခဲ့တဲ့အချိန်တွေကတည်းက သူ့အကြောင်းကောင်းကောင်းသိထားပြီးသားပါ။ နောက်ပြီး သူဟာ အသင်းဆီ ဘာတွေသယ်ဆောင်လာပေးနိုင်မလဲ၊ ကစားသမားတွေကို ဘယ်လောက်ထိ လွှမ်းမိုးပေးနိုင်မလဲဆိုတာလည်း ကျနော် သိထားပါတယ်။”

“အက်ရှ်လေဟာ အကောင်းဆုံးပုံစံမှာရှိနေပါတယ်။ ဒါက ကျနော့်ကို မအံ့သြစေပါဘူး။ သူဟာ အလွန်ကောင်းမွန်တဲ့ ပရိုဖက်ရှင်နယ်ကစားသသမားတစ်ဦးဖြစ်ပြီး ဒီအသင်းမှာ တခြားကစားသမားတွေနဲ့ နေရာတစ်ခုအတွက် ယှဉ်လုနိုင်ပါလိမ့်မယ်ဖြစ်လို့ပါ။”

ဒါဘီအသင်းဟာ စနေနေ့က ရီးဒင်းအသင်းကို အနိုင်ရပြီး ချန်ပီယံရှစ်အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly