စည်ပင်ရွေးကောက်ပွဲမှ အနိုင်ရကိုယ်စားလှယ်များကို ၃ရက်အတွင်း ကြေညာမည်

စည်ပင်ရွေးကောက်ပွဲမှ အနိုင်ရကိုယ်စားလှယ်များကို ၃ရက်အတွင်း ကြေညာမည်

ရန်ကုန်၊ဇန်နဝါရီ ၂၁ ။               ။ ရန်ကုန်တိုင်းဒေသကြီး စည်ပင်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ပြီး အနိုင်ရရှိသည့် ကိုယ်စားလှယ်များကို ရွေးကောက်ပွဲအပြီး ၃ရက်အကြာတွင် ကြေညာသွားမည်ဖြစ်ကြောင်း စည်ပင်သာယာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်ကပြောသည်။

"ဒီအနိုင်ရတဲ့ ကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲပြီးတာနဲ့ သုံးရက်အတွင်းကြေညာမယ်။ ၃၁ရက်ပြီးတော့ ၁ရက် ၂ရက် ၃ရက်ပေါ့။ဒီဟာအားလုံး Complete ဖြစ်တဲ့အခါ ကြေညာပြီးတော့ ဒီလိုအနေထားကို တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ကျွန်တော်တို့က တင်ပြမယ်။ " ဟု ဦးအောင်ခိုင်က ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲတွင် ဒုတိယရန်ကုန်မြို့တော်ဝန်အပါအဝင် ကော်မတီဝင်(၁၁)ဦးကိုခန့်အပ်မည်ဖြစ်ပြီး စည်ပင် ၃၃ မြို့နယ်တွင်  တစ်မြို့နယ်နယ်လျှင် ကိုယ်စားလှယ် သုံးဦးစီဖြင့် စုစုပေါင်း ၉၉ ဦးကို ရွေးချယ် သွားမည်ဖြစ်သည်။

အဆိုပါ ကော်မတီဝင်(၁၁)ဦးအနက် ဒုတိယ ရန်ကုန်မြို့တော်ဝန် အပါအဝင် ကော်မတီဝင်(၆)ဦးကို ပြည်သူက တိုက်ရိုက်ရွေးချယ် တင်မြှောက်နိုင်မည်ဖြစ်ကာ ကျန်ကော်မတီဝင်(၅)ဦးကို အစိုးရက ခန့်အပ်မည်ဖြစ်ကြောင်း ကော်မတီဝင် ၆ ဦး အနေဖြင့်မှတ်ပုံတင်ကြေးအဖြစ် စည်ပင်ကို ၅ သိန်းသွင်းရမည်ဖြစ်ကာ မြို့နယ်အလိုက် ကိုယ်စားလှယ်များသည် မှတ်ပုံတင်ကြေး ၂သိန်းပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။

၂၀၁၄ခုနှစ်က ပြုလုပ်ခဲ့သည့် စည်ပင်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များသည်  အိမ်ထောင်စုတစ်စုတွင် ၁၈နှစ် ပြည့်ပြီးသော အိမ်ထောင်ဦးစီးတစ်ဦးသာ မဲပေးခွင့်ရှိခဲ့သော်လည်း ယခုစည်ပင်ရွေးကောက်ပွဲတွင် ၁၈နှစ် ပြည့်ပြီးသူတိုင်း မဲပေးနိုင်မည်ဖြစ်ကြောင်း ကန့်သတ်ချက်အဖြစ် မဲပေးမည့်သက်ဆိုင်ရာမြို့နယ်တွင် အနည်းဆုံး တစ်နှစ်နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

"ကိုယ်စားလှယ်တွေကို တာဝန်ပေးမယ့်ရက်ကတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ရည်မှန်းချက်ကတော့ ဒီဧပြီလ ပထမအပတ်လောက်မှာ ဒီကော်မတီအသစ်ကို တာဝန်ပေးဖို့ တိုင်းဒေသကြီးအစိုးရအနေနဲ့ ရည်မှန်းထားတာပေ့ါ။" စည်ပင်သာယာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဆက်ပြောသည်။

ရွေးကောက်ပွဲဝင်ပြိုင်မည့်သူများအတွက် လျှောက်လွှာများကို ဇန်နဝါရီလ ၁၈ရက်နေ့မှ စတင်လျှောက်ထား နိုင်ပြီး ဇန်နဝါရီ ၂၈ရက်နေ့အထိ နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်းသိရသည်။  ဝင်ရောက်ယှဉ်ပြိုင်မည့် စည်ပင်ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်ကာလကို ၁လ သတ်မှတ်ထားပြီး ဖေဖော်ဝါရီ၂၈ရက် နေ့မှ မတ်လ ၂၉ရက်နေ့အထိ မဲဆွယ်ခွင့်ရှိကြောင်း ယခုနှစ် စည်ပင်ရွေးကောက်ပွဲကို မတ်လ ၃၁ရက် နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly