ကျပ်သိန်း ၁ဝဝဝ ကျော်လိမ်လည်မှုဖြင့် တရားစွဲခံရသူ ဒေါ်နန္ဒမာလာ အချုပ်လွတ်အာမခံလျှောက်ထား

ကျပ်သိန်း ၁ဝဝဝ ကျော်လိမ်လည်မှုဖြင့် တရားစွဲခံရသူ ဒေါ်နန္ဒမာလာ အချုပ်လွတ်အာမခံလျှောက်ထား
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဇန်နဝါရီလ ၂၁ ။               ။ ယောဂီဝတ်ဖြင့် ကျပ်သိန်း ၁ဝ၅ဝ ကို လိမ်လည်ခဲ့သည်ဟုဆိုကာ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်တရားရုံးတွင် အမှုဖွင့်တရားစွဲခံထားရသော ဒေါ်နန္ဒမာလာဘက်မှ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် အချုပ်လွတ်အာမခံပေးရန် တရားရုံးသို့ လျှောက်ထားခဲ့သည်။

ဇန်နဝါရီလ ၂၁ ရက်နေ့၌ မင်္ဂလာဒုံမြို့နယ်တရားရုံးတွင် ဒေါ်နန္ဒမာလာအား ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး အမှုတွင်လိုက်ပါဆောင်ရွက်မည့် နှစ်ဖက်ရှေ့နေများ ပါဝါတင်ပြီးနောက် ထိုသို့ အာမခံလျှောက်ထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လျှောက်ထားချက်အား တရားလိုဥပဒေအရာရှိဘက်မှ ကန့်ကွက်လျှောက်ထားခဲ့ကာ ဒေါ်နန္ဒမာလာမှ လိမ်လည်မှုဖြင့် တရားရင်ဆိုင်နေရသည့် ပြစ်ချက်ဟောင်းများကို တရာလိုဥပဒေအရာရှိက တရားရုံးသို့ တင်ပြခဲ့ပြီး အာမခံမပေးရန် ကန့်ကွက်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ တရားလိုဥပဒေအရာရှိက တင်ပြသွားတာ။ သူ့(ဒေါ်နန္ဒမာလာ)မှာ အမှုတွေရှိတယ်။ သူ့ကို အာမခံပေးမယ် ဆိုရင် စွဲဆိုထားတဲ့အမှုတွေကလည်း များတယ်။ သူက ထွက်ပြေးတိမ်းရှောင်နိုင်တယ်။ ဒီသက်သေခံပစ္စည်း တွေကိုလည်း ဖျောက်ဖျက်နိုင်တယ်။ လာမယ့်လူတွေကိုလည်း စည်းရုံးပြီးတော့ သိမ်းသွင်းနိုင်တယ်။ အဲ့ဒီကိစ္စ တွေကို တင်ပြပြီးတော့ လျှောက်လဲချက်သဘောမျိုးကိုပြောပြသွားတယ်”ဟု တရားလိုဘက်မှ လိုက်ပါ ဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဒေါ်စိုးစိုးနွဲ့က ပြောသည်။

တရားလိုဖြစ်သူ မသန္တာဦးက ဒေါ်နန္ဒမာလာအား ယောဂီဝတ်ဖြင့် ကျပ်သိန်း ၁ဝ၅ဝ လိမ်ယူခဲ့သည်ဟုဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၄၂ဝ/ ၇၅ ဖြင့် မင်္ဂလာဒုံမြို့နယ်တရားရုံး၌ ဦးတိုက်လျှောက် တရားစွဲဆိုထားခြင်း ဖြစ်ပြီး စွဲဆိုထားသောအမှုတွင် ပြစ်ချက်ဟောင်း ပုဒ်မ- ၇၅ ပါဝင်နေခြင်းနှင့်ပတ်သက်ပြီး တရားလိုဖြစ်သူ မသန္တာဦးက ယခုကဲ့သို့ ပြောပြခဲ့သည်။

“ ၇၅ တွဲရတယ်ဆိုတာက လှိုင်တရားရုံးမှာလည်း သူ့(ဒေါ်နန္ဒမာလာ)ကို အာမခံပေးလိုက်တယ်။ ဒီပြစ်ချက် ဟောင်းတွေကို တရားဝင်စာတွေတွဲပြီး ကျွန်မတို့ တင်တဲ့ဟာက အာမခံမရအောင်လို့ ပြစ်ချက်ဟောင်းတွေကို အကုန်ရှာထုတ်ပြီး တွဲပေးထားတယ်။ အဓိက အာမခံ မရစေချင်လို့။ အာမခံ ပေးလိုက်မယ်ဆိုရင် သူထွက်လာ မယ်။ ထပ်လိမ်ဦးမှာပဲ။ လိမ်ခဲ့တဲ့ ဗီဇကိုရှိနေပြီ၊ လိမ်ခဲ့တဲ့ အတိတ်တွေအများကြီးရှိနေပြီ။ ထပ်လိမ်ဦးမှာပဲ။ အဲ့ဒီလို ထပ်လိမ်မှာစိုးလို့ ကျွန်မတို့ကတော့ အာမခံ မပေးဖို့ကိုလည်း တောင်းဆိုတယ်။ ဥပဒေရေးအရလည်း တစ်ချက်စိစစ်ပေးပါပေါ့။ အဲ့ဒါလေးလည်း တောင်းဆိုပါတယ်”ဟု မသန္တာဦးက ပြောသည်။

ရန်ကုန်မြို့၊ လှိုင်မြို့နယ်တရားရုံးတွင်လည်း ဒေါ်နန္ဒမာလာနှင့် ဦးနေဝင်းနိုင်တို့နှစ်ဦးကို ဦးနေမျိုးနိုင်က တရားလို ပြုလုပ်၍ ကျပ်သိန်း ၂၆ဝဝ လိမ်လည်မှုဖြင့် တရားစွဲထားမှုရှိပြီး ၎င်းတို့နှစ်ဦးအား တရားသူကြီးက ကျပ်သိန်း ၁ သောင်းဖြင့် အာမခံပေးထားသည်။

ထို့ပြင် ဒေါ်နန္ဒမာလာမှာ ကျပ်သိန်း ၆ဝဝဝ လိမ်လည်မှုဖြင့် ဒေါ်နေဇင်မြင့်ဆိုသူ အမျိုးသမီးက မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တရားရုံးတွင် ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်က တရားရုံးဦးတိုက်လျှောက်တရားစွဲထားသဖြင့် ထိုကိစ္စအတွက်လည်း အမှုရင်ဆိုင်နေရပြီး အချုပ်လွတ်အာမခံရရှိထားသည်။

 ဒေါ်နန္ဒမာလာမှာ ၂ဝ၁၃ ခုနှစ်အတွင်း ငွေကြေးလိမ်လည်မှုဖြင့် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တရား ရုံးတွင် အမှုရင်ဆိုင်ခဲ့ရပြီး တရားရုံးသို့ လာရောက်ရန်ပျက်ကွက်မှုများကြောင့်  ၂ဝ၁၅ ခုနှစ်တွင် ဖမ်းဝရမ်း အထုတ်ခံရကာ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်၊ ညနေ ၆ နာရီခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင် (၂၈၄)တွင် ဒေါ်နန္ဒမာလာအား ၎င်းစီးနင်းလာသည့် ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့နောက် အမှတ်(၃) မှုခင်း ရဲတပ်ဖွဲ့ခွဲရုံး၌ လူဝတ်လဲကာ ထိန်းသိမ်းထားခဲ့ပြီး ဇန်နဝါရီလ ၃ ရက်နေ့တွင် CID က မဟာအောင်မြေမြို့နယ်တရားရုံးသို့ပို့ဆောင်ခဲ့ကာ ဒေါ်နန္ဒမာလာ၏ အာမခံလျှောက်ထားခဲ့သောကြောင့် မြို့နယ်တရားသူကြီးက အာမခံပေးခဲ့သည်။

လက်ရှိတွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်တရားရုံး၌ စွဲဆိုထားသော အမှုအား အာမခံပေး၊ မပေးကို လာမည့် ဇန်နဝါရီလ ၂၄ ရက်နေ့ ရုံးချိန်းတွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly