ကွန်တိန်နာ ယာဉ်အချို့ကို ကုန်စည် ကန့်သတ်ချက်ဖြင့် နေ့ပိုင်းမောင်းနှင်ခွင့်ပြု

ကွန်တိန်နာ ယာဉ်အချို့ကို ကုန်စည် ကန့်သတ်ချက်ဖြင့် နေ့ပိုင်းမောင်းနှင်ခွင့်ပြု

ရန်ကုန်၊ဇန်နဝါရီ ၂၁ ။                            ။ ကွန်တိန်နာယာဉ်အချို့ကို လုပ်ငန်းလိုအပ်ချက်အရ ကုန်စည်ကန့်သတ်ချက်ဖြင့် နေ့လယ်ပိုင်းတွင် မောင်းနှင် ခွင့်ပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကွဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က မဇ္ဈိမသို့ ပြောသည်။

"အထူးအရေးကြီးတဲ့ပို့ကုန်တွေအတွက်ဆိုရင် ခွင့်ပြုပေးတယ်။ အထူးသဖြင့် ရေထွက် ကုန်ပစ္စည်းတွေ ဆိုရင် တော့ အချိန်ဆွဲလို့မရဘူး။ ပုပ်မှာ သိုးမှာ၊အဲဒါကြောင့် တစ်ခါတည်း နေ့လယ်ခင်းခွင့်ပြုတာမျိုးတွေရှိတယ်" ဟု ဒေါက်တာမောင်အောင် ပြောသည်။

ကွန်တိန်နာယာဉ်များ တရားဝင်မောင်းနှင်ခွင့်ကို ည ၈နာရီမှ မနက် ၆နာရီအထိသာ ခွင့်ပြုပေးထားပြီး အရေးကြီးကုန်စည်များပို့ဆောင်ရန်အတွက် ကွန်တိန်နာယာဉ်အချို့ကို နေ့ပိုင်းတွင် ခွင့်ပြုပေးခြင်းဖြစ်သည်။

နေ့လယ်ပိုင်းမောင်းနှင်သည့် ကွန်တိန်နာယာဉ်များသည် နေ့ပိုင်းထွက်မည့် ယာဉ်များအဖြစ်စုဝေးကာ ယာဉ်တန်းအသွင်ဖြင့် မောင်းနှင်ခြင်းဖြစ်ပြီး အဆိုပါ ယာဉ်တန်းကို ယာဉ်ထိန်းရဲများ ကြီးကြပ်ပေးကြောင်း သိရသည်။

"ဒါက လုပ်ငန်းလိုအပ်ချက်အရ ယာဉ်အုပ်စုလိုက်သွားလာတဲ့သဘောပါ။ ဆိပ်ကမ်းကို လာမယ့် ကွန်တိန်နာ ကားတွေက အင်းစိန်ပေါက်တောဝကနေပြီးတော့ မနက်ကတည်းက တန်းစီထားရပါတယ်။ အဲဒီကွန်တိန်နာ ယာဉ်တန်းက ယာဉ်ထိ်န်းရဲတွေရဲ့ ကြပ်မတ်မှုနဲ့ နေ့လယ်ပိုင်း ၁၁နာရီလောက်က စထွက်ခွင့်ပေးပါတယ်။" ဟု YRTA မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

နေ့ပိုင်းတွင် ကွန်တိန်နာယာဉ်များကို အင်းစိန်- ပေါက်တောဝမှ  သွင်းကုန်ယာဉ်လမ်းကြောင်း နှင့် ဆိပ်ကမ်းမှ ပြေးဆွဲသည့် သွင်းကုန်လမ်းကြောင်း ဟူ၍ လမ်းကြောင်း(၂)  ကြောင်းကို ပြေးဆွဲခွင့်ပြုထားပြီး လမ်းကြောင်း တစ်ကြောင်းတွင် ယာဉ်တန်းအနေဖြင့် ယာဉ် အစီး၁ဝဝကျော်ခန့်ရှိကြောင်းသိရသည်။

" ကျွန်တော်တို့ သယ်ယူပို့ဆောင်ရေးမှ ကြန့်ကြာနေမှုများရင် များသလို သယ်ယူပို့ဆောင်ရေးစရိတ်က များတာ ပေ့ါ။ သယ်ယူပို့ဆောင်စရိတ်များတော့ ဒီထုတ်ကုန် တခြားနိုင်ငံတွေက ကွန်တိန်နာတွေနဲ့ သက်သာတဲ့ Export တွေနဲ့ ယှဉ်ပြိုင်လုပ်ရတော့ အခက်ခဲရှိတာပေါ့။သယ်ယူပို့ဆောင်မှုကဏ္ဍက လွယ်ကူချောမွေ့နေရင်တော့ သယ်ယူပို့ဆောင်မှုစရိတ်လည်း လျော့ကျသွားတာပေါ့။"ဟု  မြန်မာနိုင်ငံကုန်သေတ္တာတင် မော်တော်ယာဉ်များ အသင်း ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။

ရန်ကုန်မြို့၌ ကွန်တိန်နာအစီးရေ ၆ဝဝဝ ကျော်ရှိပြီး မြန်မာနိုင်ငံ ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း ဝင်ထားသည့် အစီးရေမှာ ၂၅၀၀ နီးပါးရှိကြောင်း  သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly