မန်း ရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယဘုရားပွဲတော်ဖွင့်ပွဲကို သီတဂူဆရာတော် ကြွရောက်မည်

By တင်ရွှေ( မဇ္စျိမ)
21 January 2019
မန်း ရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယဘုရားပွဲတော်ဖွင့်ပွဲကို သီတဂူဆရာတော် ကြွရောက်မည်

မကွေး၊ ဇန်နဝါရီ ၂၁ ။             ။ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် ဖွင့်လှစ်မည့် မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ်ရှိ မန်း ရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယဘုရားပွဲတော်ဖွင့်ပွဲအား သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ကြွရောက်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော် လုပ်ငန်းကော်မတီ အဖွဲ့ထံက သိရသည်။

“ဒီနှစ် ရွှေစက်တော်ဘုရားပွဲတော်ဖွင့်ပွဲကို သီတဂူဆရာတော်ဘုရားကြီး ကြွရောက်ဖွင့်လှစ်ပေးပါမယ်၊ပြီးတော့ ဆရာတော်ဘုရားကြီးက ဖေဖော်ဝါရီ(၉)ရက် ညပိုင်း ရွှေစက်တော်က လေယာဉ်ကွင်းမှာ တရားရေအေး တိုက် ကျွေးပါမယ်။ ဒုတိယည ဖေဖော်ဝါရီလ(၁၀)နေ့ ညမှာတော့ ချင်းတောင်တန်းသာသနာပြုဆရာတော် ဒေါက်တာ အရှင်တေဇောသာရက တရားရေအေးတိုက်ကျွေးသွားမှာ ဖြစ်ပါတယ်” ဟု မန်းရွှေစက်တော်ဘုရားပွဲတော် လုပ်ငန်းကော်မတီအဖွဲ့ ဥက္ကဋ္ဌ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက မဇ္ဈိမသို့ ပြောသည်။

ထိုအပြင် ဖွင့်ပွဲတွင် ဓမ္မတေးအလင်္ကာဝတ်ရည်အဖွဲ့နှင့်အတူ နိင်ငံကျော်စွယ်စုံရ အနပညာရှင် ဒေါ်ချိုပြုံး၊ အဆိုတော် စိုးစန္ဒာထွန်း၊ ရွှေရည်သိန်းတန်အပါအဝင် အနပညာရှင်များမှ ဓမ္မတေးများဖြင့် သီဆို သွားမည် ဖြစ်ပြီး ဒေသခံကျောင်းသားကျောင်းသူများက အကများဖြင့် ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

“မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးအား အောင်မြင်စွာ ကျင်းပနိင်ရန်အတွက် ပွဲကြိုကာလ မန်းချောင်း သောင် ပြင်ဆင်ခြင်း၊ ရွှေစက်တော်ဘုရားသို့ ဘုရားဖူးလာကြသူများ အဆင်ပြေစေရေးအတွက် လမ်းများ ကတ္တရာ ခင်းခြင်း၊အထက်စက်တော်ရာတက်သည့် တောင်ပေါ်လမ်း ပြုပြင်ခြင်း၊ ဘုရားဖူးပြည်သူများ လေ့လာနိင်ရန် ရွှေသမင်ခြံအား ပြုပြင်မွမ်းမံခြင်း၊ သောင်ပြင်ရှိ စျေးဆိုင်တန်းများ၊တည်းခိုဆောင်များအား ပွဲတော်အမီ လုပ်ကိုင်ဆောင်ရွက်လျှက်ရှိပါတယ်။ ဘုရားကြီးရှိ ပြုပြင်စရာများအား ဘက်စုံပြုပြင်မွမ်းမံလျက်ရှိပြီး ရာခိုင်နှုန်း အားဖြင့် (၉၀%)ခန့် ဆောင်ရွက်ပြီးစီးပါပြီ” ဟု မန်းရွှေစက်တော်ဘုရားပွဲတော် လုပ်ငန်းကော်မတီအဖွဲ့ ဥက္ကဋ္ဌ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ဆက်ပြောသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို တစ်နှစ်ထက်တစ်နှစ် စနစ်တကျစည်းကမ်းရှိရှိ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ထိန်းသိမ်းကြပ်မတ်မှုအပိုင်းကို အနီးကပ်ဖိဖိစီးစီးနှင့် ဆောင်ရွက်နိုင်ရန် ဂေါပကအဖွဲ့များကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဂေါပကအဖွဲ့ကို အနီးကပ်ကြီးကြပ်ရန်အတွက် လုပ်ငန်းကော်မတီကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြင်ဆင်ဖွဲ့ စည်းပေးခဲ့ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required