ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်ရန်အလားအလာမရှိသေးဟု ဒေါက်တာ ထွန်းလွင်ဆို

ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်ရန်အလားအလာမရှိသေးဟု ဒေါက်တာ ထွန်းလွင်ဆို

ရန်ကုန် ၊ ဇန်နဝါရီ ၂၁ ။            ။ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နေသော်လည်း မုန်တိုင်းဖြစ်ရန် အလားအလာမရှိသေးကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောဆိုခဲ့သည်။

“ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါတယ်။ မုန်တိုင်းဖြစ်ရန် အလားအလာ မရှိနိုင်သေးပါ။ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်း မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်” ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

လက်ရှိအခြေအနေအရ မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး ကျန်ဒေသများတွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။ ကမ်းရိုးတန်းဒေသများတွင် လှိုင်းအမြင့်မှာ ၂ ပေ မှ ၆ ပေခန့်အထိ ရှိနိုင်သည်ဟု ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဇန်နဝါရီ ၂၁ ရက်နေ့ နေ့လည် ၂ နာရီတွင် ထုတ်ပြန်ထားသည့် အချက်များအရ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာမည်ဖြစ်သည်။

ညအပူချိန်များအနေဖြင့်  ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး ကျန်ဒေသများတွင် ပျှမ်းမျှ အပူချိန်သာ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly