တိုက်ပွဲများဖြစ်ပွားနေသည့် မန်စီနှင့် ရွှေကူ ခရီးစဉ် ဒေါ်အောင်ဆန်းစုကြည် ဖျက်သိမ်း

တိုက်ပွဲများဖြစ်ပွားနေသည့် မန်စီနှင့် ရွှေကူ ခရီးစဉ် ဒေါ်အောင်ဆန်းစုကြည် ဖျက်သိမ်း

မဇ္ဈိမ၊ စက်တင်ဘာ ၃၀ ။          ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မန်စီနှင့် ရွှေကူမြို့နယ် မဲဆွယ် စည်းရုံးရေးခရီးစဉ်ကို တိုက်ပွဲများဖြစ်ပွားနေ၍ ဖျက်သိမ်းလိုက်ကြောင်း ပါတီ်၏ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့မှ သိရသည်။

''ဒေါ်အောင်ဆန်းစုကြည် အောက်တိုဘာ ၂ ရက်နေ့ မြစ်ကြီးနားသွားမှာ အတည်ဖြစ်ပါပြီ။ တိုက်ပွဲတွေ ဖြစ်နေတဲ့ မန်စီ ဖက်တော့ မသွားတော့ပါဘူး။'' ဟု အမျိုးသားဒီမိုကရေစီပါတီ ဗဟိုကော်မတီဝင် ရွေးကောက်ပွဲ အောင်နိုင်ရေး၊ စည်းရုံးရေးခရီးစဉ်များ ပြောခွင့်ရှိသူ ဦးဝင်းထိန်က မဇ္ဈိမသို့ပြောသည်။

မြစ်ကြီးနားမှ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်မော်၊ မိုးမောက်မြို့နယ်များသို့  မဲဆွယ်စည်းရုံးပြီး လူထုဟောပြောပွဲများ ပြုလုပ်မည်ဟု ၎င်းကပြောဆိုသည်။

အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်း၌ လူထုနှင့် တွေ့ဆုံဟောပြောပြီး၊ ညနေပိုင်းတွင် ဝိုင်းမော်မြို့၊ လော်ဝေါ် ယဉ်ကျေးမှုခန်းမ၌ လည်းကောင်း၊ ၃  ရက်နေ့တွင် မိုးကောင်းမြို့၊ ၄ ရက်နေ့တွင် မိုးညှင်းမြို့နှင့် နောင်မွန်းမြို့၊ ၅ ရက်နေ့တွင် ဗန်းမော်မြို့နှင့် မိုးမောက်မြို့တို့တွင် မဲဆွယ်စည်းရုံးဟောပြောမည်ဟု ကချင်ပြည်နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဝင် ဦးကျော်ကျော်ဦးက ပြောကြားသည်။

''အရင်က သွားဖို့ စီစဉ်ထားတဲ့ မန်စီနဲ့ ရွှေကူမြို့နယ် ခရီးစဉ်တွေက အဲ့ဒီဖက်မှာတိုက်ပွဲတွေဖြစ်နေလို့ ဖျက်သိမ်းလိုက်ပါတယ်။''ဟု ကချင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်( ၅ ) မှ ဝင်ပြိုင်မည့်ှ အမျိုးသား လွှတ်တော်အမတ်လောင်းတစ်ဦးလည်းဖြစ်သူ ၎င်းက ပြောသည်။

ဇွန်လ ၅ ရက်နေ့က ဗန်မော်-မန္တလေး ကားလမ်းဘေးတွင်တစ်ကြိမ်၊ သြဂုတ်လ ၁၅ ရက်နေ့က ကချင်ပြည်နယ်၊ မန်စီမြို့နယ် လျှပ်စစ်ဦးစီးမှူးရုံး ဝင်ပေါက်ရှေ့တွင် တစ်ကြိမ်၊ သြဂုတ်လ ၃၀ ရက်နေ့ က မန်စီမြို့မရဲစခန်းရှေ့တွင် တစ်ကြိမ် မိုင်းပေါက်ကွဲမှုဖြစ်ခဲ့သည်။

စက်တင်ဘာ ၁၆ ရက်မှ ၁၈ ရက်ထိ မန်စီမြို့အရှေ့တောင်ဘက်တစ်မိုင်အကွာတွင် ၄ ကြိမ်၊ စက်တင်ဘာ ၇ ရက်မှ ၂၈ ရက်ထိ စခမ်းကြီးနယ်မြေတွင် ၄ ကြိမ်၊ စက်တင်ဘာ ၁၄ ရက်မှ ၁၈ ရက်ထိ ဆွတ်ဂျာနယ်မြေတွင် ၆ ကြိမ် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး၊ မိုင်း ၄ ကြိမ် ပေါက်ကွဲခဲ့သည်ဟု စက်တင်ဘာ ၃၀ ရက်နေ့ထုတ် မြဝတီသတင်းစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required