မှတ်တိုင်သို့ ဘတ်စ်ကား ဆိုက်ရောက်မည့်အချိန်ကို ဖော်ပြပေးမည့် မိုဘိုင်းအက်ပလီကေးရှင်း ဖန်တီးနေ

မှတ်တိုင်သို့ ဘတ်စ်ကား ဆိုက်ရောက်မည့်အချိန်ကို ဖော်ပြပေးမည့် မိုဘိုင်းအက်ပလီကေးရှင်း ဖန်တီးနေ

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ။          ။ ခရီးသွားသူများပိုအဆင်ပြေစေရန်ရည်ရွယ်ပြီး ဘတ်စ်ကားဝင်ချိန်၊ ထွက်ချိန်အပြင် မှတ်တိုင်သို့ ဆိုက်ရောက်မည့် အချိန်ကိုပါ ဖော်ပြပေးနိုင်မည့် မိုဘိုင်းဖုန်း အက်ပလီကေးရှင်းတစ်ခုကို ဖန်တီးနေကြောင်း Asia Starmar Transport Intelligence Company မှ Chief information officer ကိုသန်းထိုက် ကပြောသည်။

 အဆိုပါ အက်ပလီကေးရှင်းကို Yangon Smart Transit ဟူ၍ နာမည်ပေးထားပြီး လာမည့် မတ်လထဲတွင် Google Play Store နှင့် Apple Store တို့မှ ဒေါင်းလုပ်ခ် ရယူအသုံးပြုနိုင်ရန် ခန့်မှန်းထားကြောင်းလည်း ၄င်းကဆိုသည်။

“ ကိုယ်စောင့်နေတဲ့ ကားမှတ်တိုင်မှာ စောင့်နေတဲ့ကားက ဘယ်အချိန်ရောက်မယ်မှန်းမသိဘူး။ အကြာကြီး စောင့်ရတာတို့ ကိုယ်ရောက်ခါနီးမှ ကားကထွက်သွားတာတို့ အဲ့တာမျိုးမဖြစ်ဖို့အတွက်ကို ဒီအက်ပလီကေးရှင်း ကနေပြီး Real Time ပေါ့နော်။ ကားအသွားအလာတွေ ကိုမြင်ရမှာပေါ့။ အဲ့အတွက် လူတွေအဆင်ပြေစေဖို့ အတွက် ကို ကျွန်တော်တို့ကရည်ရွယ်တာပါ” ဟု ကိုသန်းထိုက်ကပြောသည်။

ထို့အပြင် မှတ်တိုင်တစ်ခုမှ နောက်တစ်ခုသို့ မည်သို့သွားရသည်၊ မည်သည့်ကားစီးသွား၍ရသည်ကိုလည်း အဆိုပါ အက်ပလီကေးရှင်းတွင်  ကြည့်၍ ရနိုင်မည်ဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။

စတင်အသုံးပြုနိုင်မည့် မတ်လထဲတွင် ထိုသို့သွားလိုသည့်ခရီးစဉ်ကိုလမ်းကြောင်း ဆွဲကြည့်ခြင်းနှင့် မှတ်တိုင်များသို့ ဘတ်စ်ကားဆိုက်ရောက်မည့် အချိန်များကိုသာ အသုံးပြု၍ ရနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ဆက်လက်အဆင့်မြင့်တင်သွားမည်ဟုလည်း သိရသည်။

အဆိုပါ အက်ပလီကေးရှင်းထုတ်လုပ်မည့် ကုမ္ပဏီသည် YBS ယာဉ်လိုင်းများအားလုံးတွင် ကတ်စနစ် တပ်ဆင်ရေးအတွက် တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီလည်းဖြစ်သည်။

ထို့ပြင် လာမည့် ဇူလိုင်လအတွင်းကတ်စနစ်ဖြင့် ငွေပေးချေနိုင်ရန်စီစဉ်ပြီး ၇ လအတွင်းယာဉ်အစီးရေ ၄ ထောင်ကို ကတ်အသုံးပြုနိုင်မည့် စက်များတပ်ဆင် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required