အခြေအနေ ပိုဆိုးလာလို့ ဆေးရုံပြန်တက်နေရတဲ့ ဘင်္ဂလားဒေ့ရှ် "သစ်ပင်လူသား"

အခြေအနေ ပိုဆိုးလာလို့ ဆေးရုံပြန်တက်နေရတဲ့ ဘင်္ဂလားဒေ့ရှ် "သစ်ပင်လူသား"

ဇန်နဝါရီ ၂၁ ။              ။ ခန္ဓာကိုယ်ပေါ်မှာ သစ်ပင်သစ်ခေါက်သဖွယ် အဖုအထစ်တွေ ထွက်တဲ့ ရှားပါးရောဂါတစ်မျိုးကို ထူးထူးဆန်းဆန်း ခံစားနေရတဲ့ အဘူလ် ဘာဂျန်ဒါ  အမည်ရ ဘင်္ဂလားဒေ့ရှ် "သစ်ပင် လူသား" ကတော့ ယခုအခါ ၎င်းရဲ့ ရောဂါအခြေအနေ ပိုဆိုးလာလို့ ဇန်နဝါရီ ၂၀ ရက်က ဆေးရုံကို ပြန်တက်ခဲ့ရတယ်လို့ ၎င်းက အေအက်ဖ်ပီကို ပြောပါတယ်။

အဘူလ် ဘာဂျန်ဒါကတော့ ၎င်းခံစားနေရတဲ့ အဆိုပါ ရှားပါး ရောဂါ ပျောက်ကင်းအောင် ၂၀၁၆ နောက်ပိုင်းမှာတင် ခွဲစိတ်ကုသမှုအကြိမ်ပေါင်း ၂၅ ကြိမ်အထိ ခံယူထားရသူဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် အဘူလ် ဘာဂျန်ဒါဟာ ဒါကာမြို့ ဆေးဝါး ကောလိပ် ဆေးရုံမှာ တက်ရောက်ပြီး ၎င်းရဲ့ လက်တွေနဲ့ ခြေထောက်တွေမှာ ထွက်နေတဲ့ သစ်ပင်သဏ္ဍာန် အဖုအထစ်တွေကို ခွဲစိတ်ဖယ်ရှားမှုတွေ လုပ်ခဲ့ပေမယ့် ဘယ်လိုမှ အရှင်းမပျောက်နိုင်ဘဲ ပြန်ပြန်ဖြစ်နေတာဖြစ်ပါတယ်။

ယခုတစ်ကြိမ်မှာလည်း အခြေအနေ ပိုဆိုးလာပြီး အဖုအထစ်တွေက လက်၊ ခြေထောက်အနှံ့ ပြန့်လာနေခဲ့တဲ့အတွက် ဆေးရုံပြန်တက်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း ဘာဂျန်ဒါဟာ ဆေးရုံတက်နေရင်းတန်းလန်း ဆရာဝန်တွေနဲ့ ဆေးရုံအမှုထမ်းတွေကို အသိမပေးဘဲ သူ့သဘောနဲ့သူ ဆေးရုံကနေ ဆင်းသွားခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

" ကျွန်တော် အဲဒီတုန်းက ဆေးရုံကနေ ဆင်းသွားခဲ့တာ မှားသွားခဲ့ပါတယ်၊ အဲဒီတုန်းကတော့ တစ်ခြား နည်းနဲ့ ကုဖို့ ကြိုးစားခဲ့တာပါ၊ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး၊ ခုတော့ ဒီဆေးရုံမှာပဲ ဆက်နေပြီး ကုသင့်တယ်ဆိုတာ ကျွန်တော် နားလည်လိုက်ပါပြီ" ဆိုပြီး ၎င်းက ပြောသွားပါတယ်။

ယခုလို ထူးဆန်းတဲ့ ရောဂါမျိုး ခံစားနေရတဲ့ ဘာဂျန်ဒါကို တစ်နိုင်ငံလုံးက ပြည်သူတွေကလည်း သနားဂရုဏာသက်နေလျက်ရှိတဲ့အပြင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ကလည်း ၎င်းကို အခမဲ့ ကုသပေးကြဖို့ သက်ဆိုင်ရာကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly