ဖိလစ်ပိုင်တောင်ပိုင်းက မွတ်စလင်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးရေး မဲပေးပွဲ ကျင်းပပြီး ငြိမ်ချမ်းရေးအတွက် ကြိုးပမ်း

ဖိလစ်ပိုင်တောင်ပိုင်းက မွတ်စလင်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးရေး မဲပေးပွဲ ကျင်းပပြီး ငြိမ်ချမ်းရေးအတွက် ကြိုးပမ်း
Photo: AFP

မနီလာ၊ ဇန်နဝါရီ ၂၁ ။      ။ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ ဆူပူအကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် ဆယ်စုနှစ်များစွာ ကြိုးပမ်းတည်ဆောက်နေခဲ့ရာမှာ တနင်္လာနေ့မှာတော့ အမြင့်ဆုံး အထွဋ်အထိပ်ဆီ ရောက်လာခဲ့ပါပြီ။

နိုင်ငံရဲ့ မွတ်စလင်လူနည်းစု အများဆုံး ထိန်းချုပ်ထားရာ တောင်ပိုင်းဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေး မဲပေးပွဲ ကျင်းပစေခြင်းနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးစားလာရတာပဲ ဖြစ်ပါတယ်။

ကက်သလစ်အများစု ဖိလစ်ပိုင်နိုင်ငံက အကြီးဆုံးသော မွတ်စလင်သူပုန်အဖွဲ့ဖြစ်တဲ့ မော်ရိုအစ္စလာမ္မစ်လွတ်မြောက်ရေးတပ်ဦး MILF နဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုမှာ နောက်ဆုံးအဆင့်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေးအပေါ် မဲပေးဆုံးဖြတ်စေတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်ကနေ ခွဲထွက်ပြီး လွတ်လပ်တဲ့ အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေး ဒါမှမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေးအတွက် MILF သူပုန်အုပ်စုဟာ ၁၉၇၀ ခုနှစ်တွေကတည်းက ပုန်ကန်ထကြွလို့ နေခဲ့တာ ဖြစ်ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် သတ်မှတ်အဆိုပြုထားတဲ့ ဘန်ဂါဆာမိုရိုဒေသရဲ့ အချက်အခြာနေရာတွေမှာ မဲရုံတွေ ဖွင့်လှစ်ပေးထားပြီး လိုလိုလားလားနဲ့ လာရောက်မဲပေးသူတွေ များပြားမယ်လို့ မျှော်လင့်ထားပါတယ်။

“ဆူပူအကြမ်းဖက်မှုတွေကို ကျွန်မတော့ ငြီးငွေ့နေပြီ။ ဘာကြောင့်လည်းဆိုတော့ ကျွန်မအဖေလည်း ဒီဆူပူအကြမ်းဖက်မှုတွေထဲ သေဆုံးခဲ့ရတာ ဖြစ်လို့ပဲ။”လို့ အသက် ၂၂ နှစ်အရွယ် ဂျမ်ဘရက်ရှက် ပြောပြီး သူ့အဖေဟာ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားတာကြောင့် အမည်မသိ တိုက်ခိုက်ရေးသမားတွေရဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရတာလို့ ဖြည်စွက်ဆိုပါတယ်။

ခုရွေးကောက်ပွဲဟာလည်း သူ့အဖေ သေဆုံးတဲ့ နှစ် ၂၀ ပြည့်မြောက်မှာပဲ ဖြစ်တယ်လို့ ၎င်းက ပြောရင်း ဆူပူအကြမ်းဖက်မှုတွေကို တော်တော်လေး စိတ်ကုန်နေပြီလို့ ၎င်းက ပြောပါတယ်။

မဲပေးသူ ၂ ဒဿမ ၈ သန်း ရှိတဲ့ အခု မဲပေးပွဲကို ပြိုင်ဖက်အခြားသော သူပုန်အုပ်စုတွေက ဖျက်လိုဖျက်ဆီး လုပ်လာနိုင်တယ် စိုးရိမ််ရတာကြောင့် ရဲနဲ့ စစ်တပ်အင်အား နှစ်သောင်းကိုလည်း ဖြန့််ကြက်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required