ချီလီမှာ အင်အားပြင်းငလျင် လှုပ်ပြီး လူနှစ်ဦး သေဆုံး

ချီလီမှာ အင်အားပြင်းငလျင် လှုပ်ပြီး လူနှစ်ဦး သေဆုံး
Photo: AFP

ဆန်တီယာဂို၊ ဇန်နဝါရီ ၂၁ ။      ။ ချီလီနိုင်ငံ မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ စနေနေ့က အင်အား ရစ်ချ်တာစကေး ၆ ဒဿမ ၇ အဆင့်ရှိ ငလျင်လှုပ်ကြောင်း အမေရိကန်ဘူမိတိုင်းတာရေးက ပြောပြီး ဒီငလျင်မှာ နှလုံးရောဂါအခံရှိတဲ့ လူနှစ်ဦး သေဆုံးကြောင်း ရဲက ထုတ်ပြန်ပါတယ်။

ငလျင်ဗဟိုဟာ ကိုကမ်းဘိုမြို့ အနောက်တောင်ပိုင်း ၁၅ ကီလိုမီတာအကွာ မြေအောက် ၅၃ ကီလိုမီတာအနက်မှာ ဗဟိုပြုလှုပ်ခတ်တာဖြစ်ကြောင်း အမေရိကန်ဘူမိတိုင်းတာရေးအရ သိရပါတယ်။

ဒီငလျင်ကြောင့် ကိုကမ်းဘိုမြို့မှာ အသက်ကြီးပိုင်း အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ စိတ်နှလုံးဖောက်ပြန််ပြီး သေဆုံးတယ်လို့ ရဲဌာနက ပြောပြီး အဝေးပြေးလမ်းမကြီးမှာ မြေပြိုမှုအချို့ ဖြစ်ပွားကြောင်း သိရပါတယ်။

ငလျင်ဟာ ဂရင်းနစ်စံတော်ချိန် တနင်္ဂနွေနေ့ ၀၁၃၂ နာရီမှာ လှုပ်တာဖြစ်ပြီး ဗယ်ပါရီဆို၊ အိုဟစ်ဂျင်းနှင့် မြို့တော် ဆန်တီယာဂိုအရပ်တွေမှာ ငလျင်လှုပ်တာကို ခံစားခဲ့ရပါတယ်။

လျှပ်စစ်မီး ပြတ်တောက်တဲ့ အိမ်ခြေ ထောင်ပေါင်းများစွာ ရှိနေကြောင်း အမျိုးသားအရေးပေါ်ဌာနက ထုတ်ပြန်ပါတယ်။

ကိုကမ်းဘိုဒေသဟာ ၂၀၁၅ စက်တင်ဘာလအတွင်းက ပြင်းအား ၈ ဒဿမ ၃ အဆင့် ငလျင်လှုပ်ပြီး ဆူနာမီဒဏ် ခံရတာကြောင့် လူတစ်ဒါဇင် သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

ချီလီနိုင်ငံဟာ ကမ္ဘာပေါ်က ငလျင်ဒဏ် အများဆုံး ဖြစ်ပွားကြုံတွေ့ရတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required