အငြင်းပွား ကွန်ဂိုသမ္မတရွေးကောက်ပွဲမှာ အတိုက်အခံခေါင်းဆောင် ရှီဆေကေဒီ အနိုင်ရကြောင်း ဖွဲ့စည်းပုံတရားရုံးက ကြေညာ

အငြင်းပွား ကွန်ဂိုသမ္မတရွေးကောက်ပွဲမှာ အတိုက်အခံခေါင်းဆောင် ရှီဆေကေဒီ အနိုင်ရကြောင်း ဖွဲ့စည်းပုံတရားရုံးက ကြေညာ

ဇန်နဝါရီ ၂၀ ။           ။ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေခဲ့တဲ့ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ ရွေးကောက်ပွဲမှာတော့ အတိုက်အခံ သမ္မတကိုယ်စားလှယ်လောင်း ဖီးလစ် ရှီဆေကေဒီ အနိုင်ရရှိကြောင်း ဖွဲ့စည်းပုံ ဆိုင်ရာ တရားရုံးက ဇန်နဝါရီ ၂၀ မှာ အပြီးသတ် ကြေညာသွားပါတယ်။

ယခုလို ထုတ်ဖော်ကြေညာခြင်းနဲ့အတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရွေးကောက်ပွဲတုန်းက အခြား အတိုက်အခံ ခေါင်းဆောင် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်တဲ့ မာတင် ဖေယူလူ ရဲ့ ကန့်ကွက်တင်ပြထားမှုကို ယခုတရားရုံးက ပယ်ချလိုက်တာဖြစ်ပါတယ်။

ကာလကြာ နှောင့်နှေးနေခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို ကြေညာရာမှာတော့ ဖွဲ့စည်းပုံ တရားရုံးက ရှီဆေကေဒီသာ အမှန်တကယ် အနိုင်ရသူဖြစ်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ ယင်းအတွက်ကြောင့် ရှီဆေကေဒီအနေနဲ့ ကာလကြာ သမ္မတ ဂျိုဇက် ကာဘီလာရဲ့ နေရာကို ရယူနိုင်မယ့် လမ်းပွင့်သွားစေခဲ့ပြီဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အခြား အတိုက်အခံ ခေါင်းဆောင် ဖေယူလူကတော့ ယခု ရလဒ်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက လက်မခံကြဘဲ အသိအမှတ်မပြုကြဖို့ တိုက်တွန်းဆော်သြသွားပါတယ်။

ရှီဆေကေဒီနဲ့ ရာထူးကနေ ထွက်တော့မယ့် လက်ရှိသမ္မတ ကာဘီလာတို့ အပေးအယူလုပ်ပြီး ယခုလို ရလဒ်ထွက်ပေါ်အောင် မသမာတဲ့နည်းနဲ့ လုပ်ခဲ့ကြတာဖြစ်ကြောင်း ဖေယူလူက အစောပိုင်းတုန်းကလည်း စွပ်စွဲထားခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required