ကင်မ်ဂျုံအန်းနဲ့ ထပ်တွေ့မယ့် အစည်းအဝေးအတွက် နေရာရွေးထားပြီးပြီဟု ဒေါ်နယ်ထရမ့် ပြော

ကင်မ်ဂျုံအန်းနဲ့ ထပ်တွေ့မယ့် အစည်းအဝေးအတွက် နေရာရွေးထားပြီးပြီဟု ဒေါ်နယ်ထရမ့် ပြော

ဇန်နဝါရီ ၂၀ ။         ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ဒုတိယအကြိမ်မြောက် တွေ့မယ့် ထိပ်သီးအစည်းအဝေး ကျင်းပမယ့် နေရာကို ရွေးချယ်ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၁၉ ရက်မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒေါ်နယ်ထရမ့်နဲ့ ကင်မ်ဂျုံအန်းတို့ဟာ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးတစ်ခုကို ထပ်မံပြုလုပ်သွားဖို့ ရှိနေပြီး လာမယ့် ဖေဖော်ဝါရီ ကုန်ပိုင်းလောက်မှာ ကျင်းပသွားကြဖို့ ရှိနေပါတယ်။

“ ကျွန်တော်တို့ နိုင်ငံတစ်နိုင်ငံကို ရွေးထားပြီးပါပြီ” ဆိုပြီး ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။

ဒါပေမယ့် ဘယ်နိုင်ငံလဲ ဆိုတာကိုတော့ ၎င်းက တိတိကျကျ ပြောမသွားဘဲ တစ်ခြား အသေးစိတ်အချက်အလက်တွေကိုလည်း ပြောဆိုခြင်း မရှိသေးပါဘူး။

အစောပိုင်းတုန်းကတော့ ဗီယက်နမ်အစိုးရက ၎င်းတို့နိုင်ငံအနေနဲ့ အမေရိကန်-မြောက်ကိုရီးယားခေါင်းဆောင်နှစ်ဦး အကြား အစည်းအဝေးကို လက်ခံကျင်းပဖို့အတွက် ပြင်ဆင်မှုတွေ လုပ်နေပြီဖြစ်ကြောင်း ပြောထားခဲ့ပါတယ်။ ယင်းအစည်းအဝေးကို မြို့တော်ဟနွိုင်း ဒါမှမဟုတ် ကမ်းရိုးတန်းမြို့ ဒါနန်းတို့မှာ ကျင်းပဖွယ် ရှိတယ်လို့လည်း ဆိုပါတယ်။

ဒုတိယမြောက် ထရမ့်-ကင်မ် ထိပ်သီးအစည်းအဝေးမှာ လာမယ့်လမှာ ကျင်းပမှာ ဖြစ်ကြောင်း အိမ်ဖြူတော်ကလည်း အတည်ပြုထားခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့့အပြင် ဇန်နဝါရီ ၁၈ ရက်က မြောက်ကိုရီးယား အဆင့်မြင့် ဗိုလ်ချုပ်ကြီးတစ်ဦး အမေရိကန်ကို ရောက်ရှိလာပြီး ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေလည်း ပြုလုပ်သွားခဲ့ပါတယ်။

ဇန်နဝါရီ ၁၉ ရက်မှာတော့ ထရမ့်က လက်ရှိ ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး အားထုတ်မှုကိစ္စမှာ တိုးတက်မှု  အတော်များများ ရရှိထားပြီဖြစ်ကြောင်း ထုတ်ဖော်သွားခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required