ရွှေ့ပြောင်းဝင်ရောက်သူ အုပ်စုနှစ်ခုက အမေရိကန်ဆီိ ဦးတည်လာနေ

ရွှေ့ပြောင်းဝင်ရောက်သူ အုပ်စုနှစ်ခုက အမေရိကန်ဆီိ ဦးတည်လာနေ

မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ ၁၉ ။           ။ ဗဟိုအမေရိကန်မှ ရွှေ့ပြောင်းဝင်ရောက်သူ လူအုပ်ကြီးဟာ ကြာသပတေးနေ့မှာ ဂွါတီမာလာကို ဖြတ်ပြီး အမေရိကန်ဆီ ဦးတည်နေချိန် ပထမအသုတ်ကတော့ တောင်ပိုင်း မက္ကဆီကိုကို ဖြတ်သန်းနေပြီ ဖြစ်ပါတယ်။

 ဂွါတီမာလာရဲ့ နံနက်ခင်းအအေးဓာတ်အောက်မှာ ဟွန်ဒူးရပ်စ်က အများစုဖြစ်တဲ့ ရွှေ့ပြောင်းသူစီးကြောင်းကြီးဟာ အမေရိကန်ဆီ ခြေလျင်ခရီးရှည် လျှောက်လာနေကြပါတယ်။ တစ်ချို့ကလည်း ဖြတ်သွားဖြတ်လာ ထရပ်ကားတွေပေါ် လိုက်ပါရင်း၊ တစ်ချို့ကျတော့ ခြေလျင်လျှောက်ရင်းနဲ့ ကီလိုမီတာ ၃၀၀ လောက်ဝေးတဲ့ မက္ကဆီကို နယ်စပ်ဆီ ဦးတည်နေကြပါတယ်။

 ဟွန်ဒူးရပ်စ်ကနေ အင်္ဂါနေ့မှာ စတင်ထွက်ခွာလာကြတဲ့ ရွှေ့ပြောင်းလူအုပ်ဟာ လမ်းမှာ အတူလိုက်ပါလာသူတွေကြောင့် ပိုမိုအရေအတွက် များပြားလာပြီး ဒီရွှေ့ပြောင်းဝင်ရောက်သူ စီးကြောင်းကြီးမှာ အင်အား ၂၀၀၀ နီးပါး ရှိနေမယ်လို့ ဂွါတီမာလာအာဏာပိုင်တွေက ပြောပါတယ်။

 ဒီအရေအတွက် ပမာဏာဟာ အောက်တိုဘာနဲ့ နိုဝင်ဘာမှာ နိုင်ငံတကာရဲ့ သတင်းဌာနတွေမှာ အထူးသတင်းဖြစ်စေခဲ့တဲ့ အမေရိကန်ဆီ ဦးတည်တဲ့ ရွှေ့ပြောင်းဝင်ရောက်သူ စီးကြောင်းကြီးလောက် အင်အား မယှဉ်နိုင်အောင် နည်းသေးတာ ဖြစ်ပါတယ်။

 အဲဒီ ကာလက ရွှေ့ပြောင်းလူအုပ်ကြီးဟာ အင်အား ၇၀၀၀ လောက်ရှိပြီး အမေရိကန်အနေနဲ့ ၎င်းတို့ကို ရပ်တန့်ဖို့ စစ်တပ်အင်အားသုံးပြီး ထောင်နဲ့ချီတဲ့ စစ်သားတွေကို မက္ကဆီကိုနယ်စပ်နားမှာ ဖြန့်ကြက်ခဲ့ရပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ၎င်းရွှေ့ပြောင်းဝင်ရောက်သူတွေကို ရာဇဝတ်မှုကျူးလွန်သူတွေ၊ လူဆိုးလူမိုက်တွေလို့ တွစ်တာကနေ ရေးသားခဲ့ပါတယ်။

အခု တစ်ဖန်ပေါ်ပေါက်လာပြန်တဲ့ ရွှေ့ပြောင်းဝင်ရောက်သူ အုပ်စုနှစ်စုမှာ လူအင်အား ၂၀၀ ခန့်သာ ရှိတဲ့ ပထမအုပ်စုက ညလယ်လောက်မှာ မက္ကဆီကိုနိုင်ငံထဲ ဝင်ရောက်လာပါတယ်။ ၎င်းတို့အနေနဲ့ မက္ကဆီကိုနယ်စပ်ထိ ဦးတည်ပြီး အမေရိကန်နိုင်ငံထဲ ဝင်ရောက်ကြဖို့ ကြိုးစားကြမှာ ဖြစ်ပါတယ်။

 သမ္မတ ထရမ့်ကတော့ ဒီရွှေ့ပြောင်းဝင်ရောက်သူစီးကြောင်းကို ရပ်တန့်ပစ်ဖို့က မက္ကဆီကိုနယ်စပ်မှာ တံတိုင်းကာရံမှ ဖြစ်မယ်လို့ ဆိုထားပါတယ်။ ၎င်းရဲ့ ရွေးကောက်ပွဲမဲဆွယ်ကတိဖြစ်တဲ့ ဒီတံတိုင်းကာရံရေးပါဝင်တဲ့ အစိုးရအသုံးစရိတ်ကို လွှတ်တော်မှာ အတည်မပြုနိုင်တာကြောင့် အမေရိကန်အစိုးရလုပ်ငန်းဌာန တစ်စိတ်တစ်ပိုင်း ရပ်တန့်နေချိန်ပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required