လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

ကဲ ကျနော်တို့ စကားပြေအရေးအသားဆွေးနွေးမှုဘက် ပြန်လှည့်လာကြရပြန်ပြီ။

ပြီးခဲတဲ့ ရက်တချို့အကျော်က စကားပြေအရေးအသားအကြောင်းဆွေးနွေးခဲ့ကြရာမှာ စာပိုဒ်များအကြေရင်းဆွေးနွေးရင်း ခဏနားခဲ့ကြပါတယ်။ ဒီကနေ့ဆက်ပြီးဆွေးနွေးမှာကတော့ “စာပုဒ်”အကြောင်းပါပဲ။

စာပုဒ်ဆိုတာက အားလုံးသိထားကြမယ်လို့တော့ ထင်ပါတယ်။ စာပိုဒ်များနဲ့ စုဖွဲ့ထားတဲ့ အဖွဲ့အစုတစ်ခုသဘောပါပဲ။

ဒီနေရာမှာ စာပုဒ်အကြောင်းမပြောခင် “စာပိုဒ်” အကြောင်း နည်းနည်းတော့ပြန်နွှေးဖို့လိုပါလိမ့်မယ်။ စာပိုဒ်များအကြောင်း ကျနော်တို့ပြောခဲ့ရာမှာ ဖြစ်စဉ်ပြစာပိုဒ်၊ သရုပ်ဖေါ်စာပိုဒ်၊ သာဓကပြစာပိုဒ်၊ ခွဲခြမ်းစိတ်ဖြာမှုပြစာပိုဒ်၊ အမျိုးအစားပြစာပိုဒ်၊ နှိုင်းယှဉ်မှုစာပိုဒ်၊ အဓိပ္ပါယ်ဖွင့်စာပိုဒ်၊ ကျိုးကြောင်းပြစာပိုဒ်ဆိုပြီး စာပိုဒ် ၇ မျိုးအကြောင်း ကျနော်တို့ဆွေးနွေးခဲ့ကြပါတယ်။

စာပိုဒ်တွေ ဘာ့ကြောင့်အမျိုးမျိုးကွဲကြရသလဲ။

အကြောင်းအရာအပေါ်မူတည်ပြီး စာပိုဒ်တွေအမျိုးမျိုးကွဲပြားကြရပါတယ်။ အဲဒီအကြောင်းအရာအပေါ်မူတည်ပြီးလည်း စာပိုဒ်ထဲမှာပါရှိတဲ့ စာကြောင်း(၀ါကျ)တွေရဲ့ တည်ဆောက်မှုတွေဟာလည်း ကွဲပြားခြားနားသွားကြရပါတယ်။ အဲဒီစာပိုဒ်တွေရဲ့အခြေခံသဘောအပေါ်မူတည်ပြီး စာပုဒ်ဆိုတာဖြစ်လာရတာပါပဲ။
ဒါဆိုရင် “စာပုဒ်” ဆိုသည်မှာအဘယ်နည်း။

စာပုဒ် ဆိုသည်မှာ စာပိုဒ်များ ဆက်ကာဆက်ကာ ဖွဲ့စည်းထားခြင်းအားဖြင့် ပြိီးပြည့်စုံသောအကြောင်းအရာအရ စာတစ်ပုဒ် ဖြစ်လာရခြင်းဖြစ်ပါတယ်။ စာပုဒ် ဆိုသည်မှာ စာပိုဒ်များဖြင့်ဖွဲ့စည်းထားသော ပြီးပြည့်စုံသောစာပိုဒ်အစု တစ်ခုကို စာပုဒ်ဟုခေါ်ဆိုနိုင်ပါတယ်။

စာပုဒ် တစ်ခုထဲမှာ စာပိုဒ်များရှိမယ်။ အဲဒီစာပိုဒ်များဟာ အကြောင်းအရာအမျိုးမျိုးအရ တစ်ခုနဲ့တစ်ခု တူညီချင်မှတူညီမယ်။ ဒါကြောင့်မို့ တဆင့်တက်ပြီးပြောရရင် စာပုဒ်တစ်ခုထဲမှာ အမျိုးမျိုးအလီလီသောစာပိုဒ်များ ပါရှိနေလိမ့်မယ်။ အဲဒီစာပိုဒ်တွေဟာ စာပုဒ်တစ်ပုဒ်အတွက် လိုအပ်တဲ့ ပံ့ပိုးဖြည့်ဆီး စုစည်းမှုကိုဆောင်ရွက်ပေးမယ်။ နောက်ဆုံးမှာ စာပုဒ်တစ်ခုဟာ ပြောဆိုလိုတဲ့အချက် ပြီးပြည့်စုံလာရတယ်။ ဒီလိုနဲ့ ပြီးပြည့်စုံတဲ့စာတစ်ပုဒ် ဖြစ်လာရတယ်။ အဲဒါဟာ စာပုဒ်တစ်ခုရဲ့ အခြေခံအချက်ပါပဲ။

စာတစ်ပုဒ်ဟာ စာပိုဒ်အနည်းငယ်သာပါတဲ့ စာပုဒ်အတို ပုံသဏ္ဍာန်မျိုးရှိသလို စာပိုဒ်အတိုအရှည်အမျိုးမျိုးပါဝင်တဲ့ စာအုပ်အထူကြီးအထိ အရွယ်ပမာဏပုံသဏ္ဍာန်အကြီးကြီးအထိ ရှိနိုင်ပါတယ်။ ဥပမာ…ဆောင်းပါး၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပြဇာတ်၊ အတ္ထုပ္ပတ္တိ၊ မှတ်တမ်း…အစရှိသဖြင့် စာပုဒ်ပုံစံအမျိုးမျိုး ရှိပါတယ်။ ဒီနေရာမှာ သတိပြုရမယ့်အချက်က စာတစ်ပုဒ်အတွင်းမှာရှိတဲ့ ၀ါကျတွေ၊ စာပိုဒ်တွေဟာ တစ်ခုနဲ့တစ်ခု မတူညီ ကွဲပြားနေကြတဲ့ကိစ္စပါပဲ။ တူညီဖို့မလိုသလို တူညီလို့လည်း မရပါဘူး။ အမျိုးမျိုးသော အကြောင်းအရာအပေါ်မူတည်ပြီး အမျိုးမျိုးသော ရေးဖွဲ့နိုင်စွမ်းအပေါ်မူတည်ပြီး အမျိုးမျိုးသော စာပုဒ်တွေဖြစ်လာကြရတာပါပဲ။
ဥပမာ စာရေးဆရာ နိုင်ဝင်းဆွေရဲ့ နွေတည ဝတ္ထုရှည်ထဲမှာပါဝင်တဲ့ စာပိုဒ်တွေဟာ ချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူ ဝတ္ထုရှည်ထဲမှာပါဝင်တဲ့ စာပိုဒ်တွေနဲ့ မတူကြပါဘူး။ တူလို့လည်းမရပါဘူး။ အကြောင်းအရာအပေါ်မူတည်ပြီး အဲဒီစာပိုဒ်တွေ မတူကွဲပြားကြရသလို အဲသလိုစာပိုဒ်တွေနဲ့ ဖွဲ့စည်းထားတဲ့ စာပုဒ်တွေဟာလည်း စာပုဒ်တစ်ခုတဲ့တစ်ခု မတူကြတော့ပါဘူး။

စာတစ်ပုဒ်ရဲ့တာဝန်က စာရေးသူပြောချင်၊ ပြချင်၊ ပေးချင်တဲ့အကြောင်းအရာကို စာဖတ်သူနားလည်သွားရအောင် ပြည့်စုံနိုင်သမျှပြည့်စုံအောင် ဆောင်ရွက်ပေးရတဲ့တာဝန်ပါပဲ။ စာပုဒ်ထဲမှာပါတဲ့ စာပိုဒ်တွေဟာ တိုကောင်းတိုမယ်၊ ရှည်ကောင်းရှည်မယ်၊ ဥပမာပေးပုံတွေတူချင်မှတူမယ်၊ စာကြီးပေကြီးသဏ္ဍာန်ဖြစ်ကောင်းဖြစ်မယ်၊ မဖြစ်ချင်လည်း မဖြစ်ဘူး။ ဒါပေမယ့် စာဖတ်သူကို ပြီးပြည့်စုံတဲ့အသိရအောင်ဆောင်ရွက်နိုင်ရင် အဲဒီစာတစ်ပုဒ်ဟာ သူ့တာဝန်သူ ပြီးဆုံးအောင်ဆောင်ရွက်နိုင်တယ်လို့ပြောနိုင်ပါတယ်။ စာပုဒ်တွေဟာ တစ်ခုနဲ့တစ်ခု မတူညီကြဘူး တူညီလို့လည်းမရဘူးဆိုတာတော့မှန်ပါတယ်။ ဒါပေမယ့် တူညီတဲ့အချက်လုံးဝမရှိဘူးလားဆိုရင်တော့လည်း အဲသလိုမဟုတ်ပါဘူး။ စာပုဒ်တွေမှာ စာတစ်ပုဒ်နဲ့တစ်ပုဒ် တူညီတဲ့အချက် ရှိပါတယ်။ အဲဒါကတော့ “အစ၊ အလယ်၊ အဆုံး” ဆိုတဲ့ အချက်သုံးချက်ပါပဲ။ ဘယ်စာပုဒ်ပင်ဖြစ်စေ ပြီးပြည့်စုံဖို့ဆိုရင် “အစ၊ အလယ်၊ အဆုံး”ဆိုတာ ရှိရပါမယ်။ အဲဒီ အချက်သုံးချက်ကတော့ စာပုဒ်တွေတစ်ခုနဲ့တစ်ခု တူညီကြရတဲ့အချက်ပါပဲ။

ကောင်းပါပြီ။ ဒီနေရာမှာ ကျနော် ဆက်လက်နားလည်ထားရမယ့်အချက်က အဲဒီ အစ၊ အလယ်၊ အဆုံး ဆိုတဲ့ အချက်သုံးချက်အနက် အလယ် အချက်ဟာ အဲဒီအချက်သုံးချက်အနက် အရေးအပါဆုံးအချက်သဘောဆောင်ပါတယ်။ စာပုဒ်တစ်ခုရဲ့ အလယ်ပိုင်းဟာ စာရေးသူ ပြောချင်၊ ပြချင်၊ ပေးချင်တဲ့အကြောင်းအရာကို ပြည့်စုံသည်ထက်ပြည့်စုံအောင် အရေအတွက်သတ်မှတ်ချက်မရှိ စာပိုဒ်ပေါင်းများစွာပါဝင်လို့ရတဲ့ အပိုင်းဖြစ်ပါတယ်။

စာတစ်ပုဒ်ရဲ့အစစာပိုဒ်ကတော့ စာရေးသူ အဓိကဆိုလိုချက်ရောက်အောင် ပဏာမသဘော ဖြစ်တာမို့ နိဒါန်းပိုင်း လို့ပြောရပါမယ်။ စာရေးသူရဲ့ ဆိုလိုချက်ကို အဆုံးသတ်ပေးချင်တဲ့အခါ နောက်ဆုံးစာပိုဒ်အဖြစ် အသုံးပြုတာဖြစ်လို့ အဲဒီနောက်ဆုံးစာပိုဒ်ကိုကြတော့ နိဂုံးပိုင်းသဘော ပြောကြရပါတယ်။

ကဲ ဒီကနေ့တော့ စာပုဒ် အကြောင်း ကျနော် နိဒါန်းပျိုးခဲ့ပါပြီ။ စာပုဒ်ဆိုတာ စာပိုဒ်များစွာနဲ့ဖွဲ့စည်းထားတာဖြစ်ကြောင်း၊ စာပုဒ်ထဲမှာပါရှိတဲ့စာပိုဒ်တွေဟာ တစ်ခုနဲ့တစ်ခု မတူညီကြသလို အရေအတွက်သတ်မှတ်လို့မရကြောင်းနဲ့ စာတစ်ပုဒ်အတွင်းမှာ အစ၊ အလယ်၊ အဆုံး ဆိုတာရှိတဲ့အကြောင်း ကျနော်တို့ပြောခဲ့ကြပါတယ်။ အဲဒီ စာပုဒ်တစ်ခုရဲ့ အစ၊ အလယ်၊ အဆုံးဆိုတဲ့အချက်သုံးချက်အနက် အလယ်စာပိုဒ်ဟာ အရေးပါကြောင်းလည်း ကျနော်တို့ဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့တော့ ဒီနေရာမှာတွင် ခဏရပ်နားကြရအောင်။ နောက်နေ့တွေမှာ ပြန်ဆုံကြသေးတာပေါ့။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly