ဟာဝိုင်ယီကမ်းခြေမှာ ကမ္ဘာ့အကြီးဆုံးဖြစ်နိုင်တဲ့ ငါးမန်းဖြူကြီးကို တွေ့ရှိပြီး ရေငုပ်သမားတွေက အတူကူးခတ်

ဟာဝိုင်ယီကမ်းခြေမှာ ကမ္ဘာ့အကြီးဆုံးဖြစ်နိုင်တဲ့ ငါးမန်းဖြူကြီးကို တွေ့ရှိပြီး ရေငုပ်သမားတွေက အတူကူးခတ်

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၁၉ ။              ။ စံချိန်အရ ကမ္ဘာ့အကြီးဆုံးဖြစ်နိုင်တဲ့ ဧရာမ ငါးမန်းဖြူကြီးတစ်ကောင်ကို ဟာဝိုင်ယီကမ်းခြေမှာ ရေငုပ်သမားတွေက ရှားရှားပါးပါး တွေ့ရှိပြီး အဲဒီ ငါးမန်းဖြူကြီးနဲ့အတူ ရေငုပ်သမားတွေဟာ အတူကူးခတ်ခဲ့ကြပါတယ်။

 စံချိန်တင်ထားတဲ့ အကြီးဆုံး  ငါးမန်းဖြူကြီး Deep Blue နဲ့ မနီးရင်းစွဲရှိတဲ့ အခုငါးမန်းဖြူကြီးဟာ အမဖြစ်ပြီး အရှည်က ပေ ၂၀ လောက် ရှိပါတယ်။ ဒီငါးမန်းဖြူကြီးကို အိုအာဟူကမ်းလွန်မှာ အင်္ဂါနေ့က မထင်မှတ်ဘဲ အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ကြတာ ဖြစ်ပါတယ်။

 ဝေလငါးအသေကောင်ကို ၀ိုင်းစားသောက်နေတဲ့ အခြားငါးမန်းတွေကြားမှာ အဲဒီ ငါးမန်းဖြူကြီး ရောက်လာတာကို တွေ့လိုက်တာပဲ ဖြစ်ပါတယ်။ “ကျွန်တော်တို့ ကျားငါးမန်းတွေကို စတွေ့တာဗျ။ နောက်တော့မှ ဒီငါးမန်းဖြူကြီး ရောက်လာတာကို တွေ့တယ်။ ဒီငါးမန်းဖြူကြီး ရောက်လာတာနဲ့ ကျားငါးမန်းတွေ အုပ်စုကွဲသွားတယ်။ နောက်တော့ ဒီငါးမန်းဖြူကြီးဟာ ကျွန်တော်တို့ စက်လှေကို ပွတ်သပ်ပြီး ကူးခတ်နေတော့တာ ဖြစ်တယ်။”လို့ ရေငုပ်သမားအဖွဲ့မှာ အိုးရှန့်ရမ်ဆေးဆိုသူက ပြောပါတယ်။

 “တော်တော်လေး လှတဲ့ အကောင်ကြီးပါ။ ယဉ်လည်း ယဉ်တယ်။ နံနက်ပိုင်းမှာ သူ့ကို စတွေ့တာဖြစ်တယ်။ သူဟာ ကျွန်တော်တို့ တစ်နေကုန်လိုလို ရှိနေခဲ့တယ်။”လို့ တစ်နေ့လုံးလိုလို အဲဒီ ငါးမန်းကြိးနဲ့ အတူရေကူးပြီး ဗီဒီယိုမှတ်တမ်းလည်း တင်ခဲ့တဲ့ ရမ်ဆေးက ပြောပါတယ်။

 အခု ငါးမန်းဖြူကြီးဟာ အသက်က ၅၀ လောက်တော့ အနည်းဆုံးရှိမှာဖြစ်ပြီး အလေးချိန် ၂ တန်ခွဲလောက် ရှိနိုင်ကြောင်းနဲ့ ကိုယ်ဝန်လွယ်ထားရပုံလည်း ရကြောင်း ရမ်ဆေးက ပြောခဲ့ပါတယ်။

 ရေပြင်အတော်လေးကို နွေးတဲ့ ဟာဝိုင်ယီမှာက ခုလို ငါးမန်းဖြူကြီးမျိုးကို တွေ့ရတာဟာ ရှှားရှားပါးပါး ဖြစ်ရပ်လည်း ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required