ရုရှကို ဒုံးကျည်စနစ် ဖျက်ဆီးပစ်ဖို့ ဂျာမနီက တိုက်တွန်း

ရုရှကို ဒုံးကျည်စနစ် ဖျက်ဆီးပစ်ဖို့ ဂျာမနီက တိုက်တွန်း
Photo: AFP

မော်စကို၊ ဇန်နဝါရီ ၁၉ ။      ။ အဓိကကျတဲ့ လက်နက်ထိန်းချုပ်ရေး သဘောတူညီမှုတစ်ရပ်ကို ချိုးဖောက်ထားတယ်လို့ အမေရိကန်က စွပ်စွဲထားတဲ့ အငြင်းပွားဖွယ် ဒုံးကျည်စနစ်ကို ဖျက်ဆီးပစ်ဖို့ ရုရှနိုင်ငံကို ဂျာမနီက သောကြာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ 

“ရုရှအနေနဲ့ ဒီသဘောတူညီမှုကို ထိန်းသိမ်းနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။”လို့ အမေရိကန်နဲ့ ရုရှကြား နှစ်နိုင်ငံချုပ်ဆိုထားတဲ့ တာလတ်ပစ်နျူကလီးယားဒုံးကျည်များ ထိန်းချုပ်ရေးသဘောတူညီမှု INF ကို ရည်ညွှန်းပြီး ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟိုက်ကိုမာ့စ်က ပြောလိုက်တာ ဖြစ်ပါတယ်။ 

“ဒီ INF သဘောတူညီမှုဟာ ကျွန်တော်တို့ လုံခြုံရေးအကျိုးစီးပွားအတွက် အခရာကျပါတယ်။”လို့ ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ်နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ ဟိုက်ကိုမာ့စ်က ပြောခဲ့တာပါ။ 

အမေရိကန်သမ္မတ ရော်နယ်ရေဂင်နဲ့ ဆိုဗီယက်ခေါင်းဆောင် မီခေးလ်ဂိုဘာချော့ဗ်တို့အကြား ၁၉၈၇ ခုနှစ်က ချုပ်ဆိုတဲ့ INF သဘောတူညီမှုနဲ့ ပတ်သက်ပြီး ရုရှနဲ့ အမေရိကန်ကြားမှာ တင်းမာမှုတွေ ဖြစ်တည်နေပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီသဘောတူညီမှုကနေ နုတ်ထွက်မယ်လို့ ကတိပြုထားသလို ရုရှခေါင်းဆောင် ဗလာဒီမာပူတင်ကလည်း လက်နက်အပြိုင်အဆိုင် တပ်ဆင်မှု ဖြစ်လာပြီး အဓိက ခံရမှာ ဥရောပဖြစ်လိမ့်မယ်လို့ ခြိမ်းခြောက်ပြောဆိုထားတာပါ။

ရုရှရဲ့ 9M729 ဒုံးကျည်စနစ်ဟာ INF သဘောတူညီမှုကို ချိုးဖောက်နေတယ်လို့ ၀ါရှင်တန်က ပြောရင်း ရုရှအနေနဲ့ ဒါကို မဖယ်ရှားပစ်ရင် သဘောတူညီမှုက နုတ်ထွက်မယ်လို့ သတိပေးထားပါတယ်။ 

ရုရှနိုင်ငံက အမေရိကန်ရဲ့ ပြောဆိုချက်ကို ငြင်းဆန်ပြီး တာတိုနဲ့ တာလတ်ပစ် ဒုံးကျည်တွေကို ပိတ်ပင်ထားတဲ့ အဲဒီ INF သဘောတူညီမှုကို အမေရိကန်ကပဲ ချိုးဖောက်နေတာလို့ စွပ်စွဲထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required