ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ် မြန်မာ လက်မှတ်ရေးထိုး

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ် မြန်မာ လက်မှတ်ရေးထိုး

ရန်ကုန်၊ စက်တင်ဘာ ၃၀ ။        ။ ကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာ နောက်ဆက်တွဲအခြေပြ စာချုပ်ကို မြန်မာ ကလေးသူငယ်များ၏ အခွင့်အရေးကို ပိုမိုမြှင့်တင်ကာကွယ်နိုင်ရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ စက်တင်ဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးလိုက်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင်း သတင်းစာများတွင် ဖော်ပြထားသည်။

စာချုပ်ကို မြန်မာနိုင်ငံ အစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကုလသမဂ္ဂကိုယ်စားလှယ်တော်များရှေ့တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ခဲ့သော လက်နက်ကိုင်ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေသည့် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်အား မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ထိုးရန်ကိစ္စကို သြဂုတ်လ ၂၆ ရက်က ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်၊ ဦးခိုင်မောင်ရည်၊ ဒေါက်တာမေဝင်းမြင့်တို့က ထောက်ခံဆွေးနွေးခဲ့ကြသည်။

လက်နက်ကိုင်ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေသည့် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်အား လက်မှတ်ရေးထိုးခြင်းဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ အစီရင်ခံစာ၏ နောက်ဆက်တွဲစာရင်းမှ မြန်မာနိုင်ငံအား ပယ်ဖျက်နိုင်ရန် အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။

ယင်းသို့ လက်မှတ်ထိုးလိုက်ပါက "ကလေးသူငယ်များ၏ အခွင့်အရေးကို တိုးမြှင့်ကာကွယ် စောင့်ရှောက်ရန် ခိုင်မာစွာ ပြသရာရောက်မည်" ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ဦးလွင် ကပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် အစည်းအဝေးတွင် ရှင်းလင်း ပြောဆိုခဲ့သည်။
 
 လက်မှတ်ရေးထိုးပွဲသို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စလိုင်လာ ဇာရိုဂီ၊ ကုလသမဂ္ဂ ဥပဒေရေးရာရုံး၊ စာချုပ်များဌာန အကြီးအကဲ မစ္စတာ ဆန်တီယေဂို ဗီလာပန်ဒိုတို့ တက်ရောက်ကြသည်။ အခြေပြစာချုပ်ကို ကမ္ဘာ့နိုင်ငံပေါင်း (၁၆၁) နိုင်ငံက စာချုပ်ဝင်နိုင်ငံများအဖြင့် ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required