ဦးကိုနီအသတ်ခံရမှုတွင် ခံပြသက်သေအဖြစ်ထွက်ဆိုပေးရန် ရဲမှူးကြီး ဝင်းမင်းသိန်း ငြင်းဆို

ဦးကိုနီအသတ်ခံရမှုတွင် ခံပြသက်သေအဖြစ်ထွက်ဆိုပေးရန် ရဲမှူးကြီး ဝင်းမင်းသိန်း ငြင်းဆို

ရန်ကုန်၊ ဇန်နဝါရီလ ၁၈ ။           ။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လူမြင်ကွင်းနေရာတွင် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရသည့် တရား လွှတ်တော် ရှေ့နေဦးကိုနီ အသတ်ခံရမှုနှင့် ပတ်သက်ပြီး တရားခံပြသက်သေအဖြစ်ထွက်ဆိုပေးရန် ရဲမှူးကြီးဝင်းမင်းသိန်းအား အထူးခုံရုံးမှ ဆင့်ခေါ်ထားသော်လည်း ရဲမှူးကြီးဝင်းမင်းသိန်းက ထိုသို့ ထွက်ဆိုပေးရန် ဇန်နဝါရီ ၁၈ရက် ရုံးချိန်းတွင်  ငြင်းဆိုလိုက်သည်။

စွပ်စွဲခံရသူ အောင်ဝင်းဇော်ဘက်မှ အခင်းဖြစ်ပွားစဉ် ရန်ကုန်အပြည်ပြည်လေဆိပ်တွင် တာဝန်ထမ်းဆောင် ခဲ့သော ရဲမှူးကြီးဝင်းမင်းသိန်းကို တရားခံပြသက်သေအဖြစ် ထွက်ဆိုပေးရန် အထူးခုံရုံးကို တင်ပြထားခြင်း ဖြစ်သည်။

ထို့ကြောင့် ရဲမှူးကြီးဝင်းမင်းသိန်းကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၊ အထူးခုံရုံးမှ ပြီးခဲ့သည့် ရုံးချိန်း ၆ ချိန်း ခန့်ကစတင်ကာ ချိန်းဆိုခဲ့သော်လည်း တာဝန်များမအားလပ်ဟုဆိုကာ ရဲမှူးကြီးက ရုံးကင်းလွတ်ခွင့်ပြုရန် အထူးခုံရုံးကို တင်ပြခဲ့သည်။

ထိုသို့ ယခင်ရုံးချိန်းများက တာဝန်မအားလပ်ဟုဆိုကာ ရုံးကင်းလွတ်ခွင့်ပြုရန်တင်ပြခဲ့သော်လည်း ဇန်နဝါရီလ ၁၈ ရက်နေ့တွင်ပြုလုပ်သော ၁ဝ၂ ကြိမ်မြောက်ရုံးချိန်းတွင်မူ စွပ်စွဲခံရသူ အောင်ဝင်းဇော်၏ ပြောကြားချက် နှင့် ပတ်သက်၍ သူ ဘာမှ မသိကြောင်း၊ သက်သေမခံလိုကြောင်းကို တရားရုံးသို့ သဗ္ဗာန်စာပို့လာခဲ့သည်ဟု အောင်ဝင်းဇော်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေက ပြောသည်။

“ခုဒီတစ်ခါတော့ တရားခံရဲ့ ပြောကြားချက်နဲ့ ပတ်သက်လို့ ဘာမှမသိကြောင်း၊ သက်သေမခံလိုကြောင်း စာပြန် လာတယ်။ ကျွန်တော်တို့ကတော့ တရားခံရဲ့ဆန္ဒအရရော၊ အမှုပေါ်ပေါက်ချက်အရရော အမှု ပေါ်ပေါက်ချက် ဆိုတာက တရားလိုပြသက်သေတွေစစ်တုန်းက အခင်းဖြစ်နေ့မှာ ရဲမှူးကြီးဝင်းမင်းသိန်းက လေဆိပ်မှာရှိနေတယ်။ ရှိနေတယ်ဆိုတာက အဲ့ဒီ့နေ့က ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုး ပြန်လာတာ။ ဗိုလ်ချုပ်အောင်စိုး ပြန်လာတော့ ပြည်ထဲရေးဝန်ကြီးဖြစ်တယ်။ ဝန်ကြီးမှ သူ့ထက်လည်း ရာထူးကြီးတဲ့ ဗိုလ်ချုပ် လည်း ဖြစ်တယ်။ လုုံခြုံရေးကို သူအပြည့်အဝ တာဝန်ယူနေရတယ်။ လုံခြုံရေးကို သူကိုယ်တိုင် ကြီးကြပ် နေရ တယ်ဆိုတာလည်း ပေါ်လွင်တယ်။ လာထွက်တဲ့ သက်သေနာမည်တော့ မသိတော့ဘူး။ လေဆိပ်က ရဲဝန်ထမ်း တစ်ဦးပဲ”ဟု စွပ်စွဲခံရသူ အောင်ဝင်းဇော်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးအောင်ခိုင်က ပြောသည်။

ထိုသို့ မဖြေဆိုတော့ကြောင်း ရဲမှူးကြီးက စာပို့ခဲ့သည့်အတွက် အထူးခုံရုံးမှ ကျင့်ထုံးဥပဒေပုဒ်မ- ၂၅၇(၁)အရ တရားခံပြသက်သေအဖြစ်မှ ပယ်ဖျက်ခဲ့ပြီး တပ်မတော်ထောက်လှမ်းရေးအရာရှိဟောင်း ဇေယျာဖြိုးဘက်မှ နောက်ဆုံးကျန်ရှိသည့် တရားခံပြသက်သေ ဦးအဂ္ဂကို စစ်ဆေးခဲ့သည်။

“ ရဲမှူးကြီးဝင်းမင်းသိန်းအနေနဲ့၊ လေကြောင်းတပ်ဖွဲ့မှူးအနေနဲ့ တရားခံဘက်အတွက် အကျိုးစီးပွားအတွက် သူ သက်သေခံလိုခြင်းမရှိဘူး။ သက်သေခံနိုင်ခြင်းမရှိဘူး။ နောက်တစ်ခုက တရားခံပြောနေတဲ့ အကြောင်း အရာက ရဲမှူးကြီးဝင်းမင်းသိန်းကို ဘာဖြစ်လို့ သက်သေပြသလဲဆိုရင် ထွက်ပြေးနေတဲ့ တရားခံအောင်ဝင်းခိုင်နဲ့ ရဲမှူးကြီး ဝင်းမင်းသိန်းနဲ့က အပတ်စဉ် တစ်ခုတည်း။ အဲ့ဒီတော့ အပတ်စဉ် တစ်ခုတည်းဖြစ်တဲ့ကိစ္စမှာ အောင်ဝင်းခိုင်ရဲ့ သူငယ်ချင်းအနေနဲ့ အောင်ဝင်းခိုင်က ဒီကိုလာတယ်။အောင်ဝင်းဇော်ကို တွေ့ဖို့ ချိန်းတယ် ဆိုတဲ့ကိစ္စ ရဲမှူးကြီး ဝင်းမင်းသိန်း သူမသိဘူး။ ဒါနဲ့ ပတ်သက်လို့ သူသက်သေခံချင်တဲ့ သက်သေခံနိုင်တဲ့ အနေအထားမှာလည်း မရှိဘူးဆိုပြီးတော့ သူကတရားရုံးကို ပြန်သွင်းတဲ့ သဗ္ဗာန်စာထဲမှာ သူ သက်သေ ခံလိုခြင်း မရှိဘူး ဆိုတဲ့ အကြောင်းကို သူပြောပြတယ်။ ပြောပြတဲ့အတွက် တရားခံဘက်က ပြတဲ့သက်သေ တရားခံဘက်က ခေါ်ရမယ်။ အဲ့ဒီလူက သက်သေမလိုက်လိုဘူးလို့ပြောရင် တရားရုံးက သဗ္ဗာန်စာထပ်ဆင့်ဖို့ ဘာတာဝန်မှမရှိဘူး”ဟု ရဲမှူးကြီးဝင်းမင်းသိန်းနှင့် ပတ်သက်ပြီး တရားလိုဘက်မှ ဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့ ဦးခင်မောင်ဌေးက ပြောသည်။

ဦးကိုနီလုပ်ကြံခံခဲ့ရသည့်နေ့က ရရှိခဲ့သည့် CCTV ကင်မရာမှတ်တမ်းတွင် ကြည်လင်းနှင့် အောင်ဝင်းဇော်တို့နှစ် ဦးကို  ရန်ကုန်လေဆိပ်၏ Terminal 1 တွင် ကျောချင်းကပ်စကားပြောနေသည့် အနေအထားဖြင့် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် အဆိုပါအချက်အား  အောင်ဝင်းဇော်က “ ကျွန်တော်ကြည်လင်းနဲ့ လုံးဝမတွေ့ခဲ့ပါ။  စကားလည်း မပြောခဲ့ပါ”ဟု တရားခွင်အတွင်း ငြင်းဆိုမှုများရှိခဲ့ပြီး အဆိုပါနေ့တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိနေခြင်းမှာ သားဖြစ်သူ၏ အလုပ်ကိစ္စအတွက် လေဆိပ်တွင် တာဝန်ထမ်းဆောင်နေသော ရဲမှူးကြီး ဝင်းမင်းသိန်းနှင့် သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲခံရသူ အောင်ဝင်းဇော်က တရားခွင်အတွင်း ထွက်ဆိုမှုများရှိခဲ့သည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး လက်ရှိတွင် စစ်ဆေးရန် သက်သေများအားလုံး ကုန်ဆုံးသွားပြီဖြစ်သည့်အတွက် လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နှစ်ဖက်လျှောက်လဲချက်ကြားနာစစ်ဆေးတော့မည်ဖြစ်သည်။

ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly