ညပိုင်းပြေးဆွဲနေသည့် ကြားကားများကို အရေးယူသွားမည်

ညပိုင်းပြေးဆွဲနေသည့် ကြားကားများကို အရေးယူသွားမည်

ရန်ကုန်၊ဇန်နဝါရီ ၁၈ ။                ။ ရန်ကုန်တိုင်းဒေသသကြီး ဝန်ကြီးချုပ်၏ညွှန်ကြားချက်အရ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့်ညပိုင်း ကြားကား များကို စီမံချက်ပြုလုပ်ပြီး အရေးယူသွားမည်ဖြစ်ကြောင်း YRTAမှ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ မောင်အောင်က ပြောသည်။    

ဇန်နဝါရီ ၁၆ရက်နေ့တွင် Sky Star Hotel တွင်ပြုလုပ်ခဲ့သည့် YRTA ၏ (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းနားတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ကြားကားပြေးဆွဲမှုသည် ဥပဒေအပြင်က ဆောင်ရွက်မှုသာဖြစ်ပြီး ဥပဒေနှင့်အညီ ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"အခုလောလောက ညပိုင်းပြေးဆွဲဖို့ ကုမ္ပဏီတွေနဲ့ ညှိရဦးမယ်လေ။ ဒီလိုလုပ်တာက ကုမ္ပဏီတွေအတွက် ကျတော့ သူတို့ရဲ့ စီးပွားရေးတွက်ခြေကိုက်မကိုက်တို့။ သူတို့ရဲ့ လုံခြံမှုတို့ အများကြီး စဉ်းစားရတာပေါ့။ ဆရာတို့က ဝန်ကြီးချုပ်ပြောတာကို အကောင်ထည်ဖော်မှာပါ။ဒါပေမယ့် ဒါက ချက်ချင်းကြီးမဟုတ်ဘူး။အဖွဲ့ ဖွဲ့ပြီးမှ လုပ်လို့ရမယ်။စီမံချက်လိုမျိုးဆွဲပြီးတော့ လုပ်မှာပါ" ဟု ဒေါက်တာမောင်အောင်က ဆိုသည်။

ကြားကားများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်၊ ရဲတပ်ဖွဲ့၊မြို့နယ် အုပ်ချုပ်ရေးမှူး၊YRTA တို့ ပူးပေါင်းကာ ဖမ်းဆီအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ ညပိုင်းပြေးဆွဲ နေသည့် ကြားကားများအစား YBS Busကားများကို အချိန်တိုးမြှင့်ပြေးဆွဲနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။  

ယခုလက်ရှိတွင် ကြားကား(အောက်ဆိုဒ်)များမှာ ဆူးလေးမှ မြောက်ဥက္ကလာ၊ဆူးလေမှ အင်းစိန်၊ ဆူးလေမှ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဆူးလေမှ အဝေးပြေးကားဂိတ်၊ဆူးလေမှ သာကေတ၊ တာမွေစျေးမှ သန်လျင်နှင့် တာမွေစျေးမှ ဒဂုံမြို့သစ်တောင်ပိုင်း စသည့် လမ်းကြောင်းများကို ညရနာရီဝန်းကျင်မှ ည ၁၁ ကျော်အထိ ပြေးဆွဲကြကြောင်းသိရသည်။ခရီးသည်စီးနင်းခများမှာလည်း အကွာအဝေးပေါ်မူတည်၍ တစ်ဦးလျှင် အနိမ့်ဆုံး ကျပ် ၃၀၀ မှ အမြင့်ဆုံး ကျပ် ၁၀၀၀ အထိ ရှိကြောင်း ကြားကားစီးနင်းသူများထံမှ သိရသည်။

"ည ၈နာရီနောက်ပိုင်းဆိုရင် YBS တွေက ရှားလာတယ်။ လာတဲ့ကားကလည်း လူအရမ်းများတယ်။ ဒါကြောင့် အောက်ဆိုက်ကားတွေပဲ စီးပါတယ်။ တာမွေကနေ စံပြစျေးအထိ ၃၀၀ ဆိုတော့ YBS ထက်၁၀၀ ပိုပေးရတယ်။ ဒါပေမယ့် အိမ်မြန်မြန်ရောက်တယ်။ ထိုင်စီးရတယ်။ ကြားကားတွေကို ဖမ်းမယ်ဆိုရင်တော့ YBS ကားတွေကို အချိန်ပြည့် မောင်းပေးနိုင်မှ ဖြစ်မယ်"ဟု စံပြစျေးတွင်နေထိုင်သော ကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါကြားကားများသည် YBS ယာဉ်လိုင်းများ စတင်ပြေးဆွဲချိန်မှ စတင်ကာ ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး ယခင်က ခရီးစဉ်တစ်ခုလျှင် လူတစ်ဦးအတွက် ကျပ် ၂၀၀ မှ ကျပ် ၃၀၀ အထိသာ ကောက်ခံခဲ့ကြောင်း YBS စနစ်အရ ယာဉ်စီးခများ စျေးမြင့်လာချိန်တွင် ကြားကားများ၏ စီးနင်းခများလည်း မြင့်တက်လာကြောင်း ခရီးသည်များထံမှ သိရသည်။

YBS ယာဉ်လိုင်းများတွင် Airport Shuttle Bus များကိုလည်း ၂၄ နာရီပတ်လုံး နိုဝင်ဘာ ၂၅ရက်နေ့မှစတင်ကာ Omini Focus ကုမ္ပဏီမှ ပြေးဆွဲနေခြင်းဖြစ်ပြီး  Airport Shuttle Bus အပါအဝင် YBS ၂၀၊ ၈၃၊ ၉၈၊ ၉၉ ယာဉ်လိုင်းများကိုလည်း ၂၄နာရီ ပြေးဆွဲပေးနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly