ပဲခူးတိုင်း စစ်ကွင်းမြို့ လျှပ်စစ်မှူးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်

ပဲခူးတိုင်း စစ်ကွင်းမြို့ လျှပ်စစ်မှူးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်

ရန်ကုန် ၊ ဇန်နဝါရီ ၁၈ ။              ။ ကျေးရွာမီးလင်းရေးကိစ္စတွင် အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးတောင်းခံခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ မင်းလှ မြို့နယ်၊ စစ်ကွင်းမြို့လျှပ်စစ်မှူးအား အဂတိလိုက်စားမှှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားသည်ဟု ကော်မရှင်မှ ဇန်နဝါရီလ ၁၇ ရက်နေ့ညတွင် သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကွင်းမြို့၊လျှပ်စစ်မှူး ဦးဝင်းဗိုလ်သည် ရှမ်းကုန်းကျေးရွာမီးလင်းရေးကိစ္စ ဆောင်ရွက်ရာတွင် ငွေကြေး တောင်းခံခဲ့သည်ဟု ဆိုပြီး နစ်နာသူများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်တန်းခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းတိုင်တန်းချက်ကြောင့် ကော်မရှင်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး စစ်ဆေးခဲ့ရာ ရှမ်းကုန်းကျေးရွာ အတွင်း ၄၀၀ ဗို့ ဓါတ်အားလိုင်း တည်ဆောက်ခြင်းကို ငွေကျပ် သိန်း ၁၂၀ ဖြင့် ကန်ထရိုက်လုပ်ငန်းသဖွယ် လက်ခံဆောင်ရွက်ခဲ့ခြင်းကို ဦးဝင်းဗိုလ်က အထက်ဌာန ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်ခဲ့ခြင်းကို တွေ့ရှိခဲ့သည်။

ယင်းအပြင် ရှမ်းကုန်းကျေးရွာမီးလင်းရေးကော်မတီမှ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ၂၀၁၆ ခုနှစ်အတွင်း၌ ငွေကျပ် သုံးသိန်းငါးသောင်း ကို သုံးကြိမ်ခွဲ၍ တောင်းခံခဲ့ခြင်း၊ ၂၀၁၈ ခုနှစ်အတွင်း၌  11KV ဓါတ်အားလိုင်းနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ယူရာတွင် လမ်းခရီးစရိတ် ငွေကျပ် တစ်သိန်း ၊ 11KV ဓါတ်အားလိုင်းအတွက် အစိုးရ ချထားပေးသည့် ဘတ်ဂျက်နှင့် မလုံလောက်ကြောင်း အကြောင်းပြပြီး ငွေကျပ် ငါးသိန်း ထပ်မံတောင်းခံ ရယူခဲ့ခြင်း ၊ ဓါတ်အားလိုင်း တည်ဆောက်ရာတွင် ပန်းရံခ ခုနှစ်သောင်းခွဲ ကို ကျေးရွာမီးလင်းရေးကော်မတီအား ကျခံစေခဲ့ခြင်းတို့ကို တွေ့ရှိခဲ့သည်။

ယင်းအတွက်ကြောင့် စစ်ကွင်းမြို့လျှပ်စစ်မှူး ဦးဝင်းဗိုလ်သည် ရာထူးတာဝန်အရ ပေးအပ်သော လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုများ ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ထားသည်ဟု ကော်မရှင်က ဆိုသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ သည် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရနိုင်သည့်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required