"အချိန်မှီပါသေးတယ် NLD"

"အချိန်မှီပါသေးတယ် NLD"
 အောင်သပြေကျေးရွာမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကပြုလုပ်တဲ့ ပါတီဝင် အဆိုပြုလွှာ ပေးအပ်ပွဲ အခမ်းအနား။ (ဓာတ်ပုံ၊နှင်းဝေခင်)

ဇန်နဝါရီ ၁၈၊ မန္တလေး ။            ။ ၂၀၂၀ ရွေးကောက်ပွဲမှာ အာဏာရပါတီကို ယှဉ်ပြိုင်မယ့် ပြည်သူ့ပါတီဟာ အခုကတည်းက အရှိန်အဟုန်နဲ့ လုပ်ဆောင်နေတာတွေ့ရပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ ရုံးခန်းဖွင့်အပြီး ရက်ပိုင်းအတွင်းမှာပဲ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှာရှိတဲ့ ဆန္ဒမဲ ပေးခွင့်ရှိသူ အားလုံးနီးပါးက ပြည်သူ့ပါတီကို ဝင်လိုက်ကြပါတယ်။

အဲဒီရွာဟာ အရင်က NLD ပါတီအားကောင်းခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။အခုလို ပြည်သူ့ပါတီထဲကို ဝင်လိုက်ကြတဲ့အကြောင်းအရင်းခံကတော့ သူ့တို့ကန့်ကွက်နေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေ စက်ရုံကိစ္စကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီစက်ရုံဟာ အောင်သပြေကျေးရွာနဲ့ ခြံစည်းရိုးပဲ ခြားပါတယ်။ ဒါကြောင့်လည်း ဒေသခံအများစုက ကန့်ကွက်ကြပါတယ်။ အဲလိုကန့်ကွက်ခဲ့သူ ဒေသခံ ၁၀ ဦး ထက်မနည်း ပုဒ်မ အမျိုးမျိုးတပ်ပြီး ဖမ်းဆီးအရေးယူခဲ့တာတွေကို လက်ရှိအစိုးရက လုပ်ဆောင်ခဲ့ပါ တယ်။

ဒီစက်ရုံဟာ အရင်အစိုးရလက်ထက်ကတည်းက အဲဒီကျေးရွာအနီး တစ်ဝိုက်နဲ့ တောင်တန်းတွေကို စမ်းသပ်မှုတွေလုပ်ခဲ့ပါတယ်။စမ်းသပ်မှုတွေ လုပ်နေကတည်းက ဒေသခံတွေက မလုပ်ဖို့ ကန့်ကွက်ခဲ့ကြပါတယ်။ ကန့်ကွက်မှုတွေလုပ်ခဲ့ပေမယ့် လက်ရှိတိုင်းဒေသကြီးအစိုးရရဲ့ ဝန်ကြီး တစ်ချို့နဲ့ လွှတ်တော်ဥက္ကဋ္ဌအပါအဝင် ကိုယ်စားလှယ်အချို့က ပန္နက် ဝင်ရိုက်ပေးလိုက်ပြီးနောက်ပိုင်း ဒေသခံတွေရဲဲ့ ကန့်ကွက်မှုတွေကလည်း အရှိန်မြှင့်လာပါတယ်။ အာဏာပိုင်အဖွဲ့တွေနဲ့ ထိပ်တိုက် ရင်ဆိုင်လာရတဲ့ အခြေအနေထိ ဖြစ်လာပါတယ်။

စီမံကိန်းအကောင်အထည်ဖော်တဲ့ဖက်ကတော့ လုပ်ဆောင်မှုတွေ ရပ်တန့်ခြင်းမရှိသလို ကျေးရွာအဝင် ဆိုင်းဘုတ်ပါ ဖျက်ဆီးခံလိုက်ရပါတယ်။ကျေးရွာဖွံ့ဖြိုးလမ်းကိုလည်း စီမံကိန်းကားတွေ ဝင်ထွက် သွားလာနိုင်အောင် လမ်းချဲ့ခဲ့တာတွေ နှစ်ရှည်ပင်တွေခုတ်လှဲပစ်တာတွေအထိ လုပ်တဲ့အပြင် အဲဒီလမ်းဘေးက တောင်သူတွေလည်း လမ်းနယ်ကျူးတယ်ဆိုပြီး ရဲအင်အားသုံး ဖမ်းဆီးခဲ့တာတွေလည်း ၅ ဦးထက် မနည်းပါဘူး။

ဒေသခံတွေအနေနဲ့ ပြည်သူ့အစိုးရလက်ထက်မှာ အစိုးရအနေဖြင့် သူတို့အခက်အခဲတွေကို ဖြေရှင်း ပေးမယ်လို့ယုံကြည်ခဲ့ကြပါတယ်။အဲလိုပဲ သူတို့ရွေးချယ်တင်မြောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း အားကိုးခဲ့ကြပါတယ်။ အားကိုးမယ်ဆိုလည်း အားကိုးချင်စရာပါ။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဖြစ်နေလို့ပါပဲ။ ဒါပေမယ့် လက်တွေ့မှာ သူတို့ထင်သလို အားကိုးမရတော့ စိတ်ပျက် အားငယ်ကုန်ကြပါတယ်။ ဒါကြောင့် အားကိုရာကို ရှာနေကြတာပါ။

အခုတော့ သူတို့က ပြည်သူ့ပါတီကို တွေ့သွားကြပါတယ်။ ပြည်သူ့ပါတီကလည်း ဖြေရှင်းပေးမယ်လို့ ကတိကဝတ်တွေ ပြုလာတာ တွေ့ရပါတယ်။ အမှန်တကယ် ကူညီဖြေရှင်းပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲ။ တကယ်ပဲ ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံတည်ဆောက်ရေးစီမံကိန်းကို ရပ်တန့်အောင် လုပ်ဆောင်ပေးနိုင်ခဲ့မယ်ဆိုရင်တော့ လက်ရှိ အစိုးရရဲ့ ၂၀၂၀ အလားအလာမှာ စိုးရိမ်စရာတစ်ခု ဖြစ်လာပါမယ်။

ပြည်သူ့ပါတီဟာ ၈၈ မျိုးဆက်အများစုနဲ့ဖွဲ့စည်းထားတဲ့ ပါတီလည်းဖြစ်ပါတယ်။ ဒီ စီမံကိန်းက ဥပမာ တစ်ခုမျှပဲ ဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ အလားတူပုံစံတွေများစွာ ရှိပါတယ်။ မြေယာကိစ္စ အငြင်းပွားမှုတွေ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုတွေများစွာ ရှိနေပါသေးတယ်။ အဲဒီလို များစွာတွေကို စိတ်ကျေနပ်မှုရအောင် ညှိုနှိုင်းဖြေရှင်းဆောင်ရွက်ဖို့ကလည်း မလွယ်ပါဘူး။ အဲဒီလိုမလွယ်တဲ့ကြားမှာပဲ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ကိုယ်စားလှယ်တော်ကြီးတွေရဲ့ ထိတွေ့မှု တွေကလည်း အားနည်းတော့ တစ်ချို့က စိတ်ပျက်လာကြပါတယ်။ အဲဒီလိုစိတ်ပျက်နေချိန် ကောက်ရိုးတစ်မျှင် တွေ့လာကြပါတယ်။ အဲဒီကောက်ရိုးတစ်မျှင်က ပြည်သူ့ပါတီဖြစ်နေပါတယ်။

နောက်ထပ် ရွာလုံးကျွတ်၊ ရပ်လုံးကျွတ် ဝင်ကြမယ့်နေရာတွေလည်း မြင်နေရပါတယ်။ ပြည်သူ့ပါတီ အနေနဲ့ကလည်း အမှန်တကယ် လုပ်မပေးနိုင်ဘဲ ရုပ်ပြ ကတိကဝတ်တွေပေးပြီး လုပ်နေရင်တော့ ဟန်မှာ မဟုတ်ပါဘူး။ သူတို့တွေရဲဲ့ လက်ရှိပြည်သူပေါ်ပေးဆပ်မှု၊ ပြည်သူ့အပေါ်လုပ်ပေး ကိုင်ပေးနိုင်မှုအပေါ် မူတည်နေပါတယ်။

လက်ရှိအစိုးရအနေနဲ့ရော ပါတီအနေနဲ့ရော မှန်မှန်ကန်ကန်ဆုံးဖြတ် လုပ်ကိုင်ဆောင်ရွက် ဖြေရှင်းပေးနိုင်ရင်တော့လည်း ၂၀၂၀ မှာ သိပ်တော့ မဲမတင်းရပါဘူး။ ၂၀၂ဝမှာ တင်းပြည့် ကျပ်ပြည့် ဆက်လက်အနိုင်ရဖို့ကတော့ အစိုးရအနေနဲ့ရော ပါတီအနေနဲ့ရော အတွင်း အပြင် အားလုံး ပြုပြင်ကြဖို့ လိုအပ်နေသေးပါတယ်။

ညီညွှတ်ခြင်း၊စာနာခြင်း၊ဖေးကူခြင်းတွေနဲ့ အောက်ခြေက ပြည်သူလူထုအကျိုး ရွက်သွယ်ပိုးနိုင်မှ ၂၀၂၀ မှာ ခွပ်ဒေါင်းအောင်လံ လွှင့်နိုင်ပါလိမ့်မယ်။

လက်ရှိအစိုးရအနေနဲ့ ငါတို့ လုပ်နေတာပဲ၊ ငါတို့ ဆောင်ရွက်နေတာပဲ။ ငါတို့ ပြုပြင်နေတာပဲ ဆိုပြီး ဇွတ်အတိုက်အခံတွေလည်း မလုပ်သင့်ပါဘူး။ ငါတို့ လက်ထက်မှာ စီးပွားရေးတွေ၊ လမ်းတံတား ကောင်းလာတယ်။ အောင်မြင်လာတယ်ဆိုပြီး လက်မလည်း မထောင်သင့်ပါဘူး။ အရှည် ခပ်ဝေးဝေး ကို မြင်အောင်ကြည့်ပြီး အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ အကျပ်အတည်းတွေကို အမှန်အတိုင်း မြင်အောင်ကြည့်ပြီး ပြည်သူနဲ့အစိုးရ ၊ပြည်သူနဲ့လွှတ်တော်၊ ပြည်သူ့နဲ့ပါတီ တက်ညီ လက်ညီ လုပ်ဆောင်ရွက်သယ်ပိုးမယ်ဆိုရင် ၂၀၁၅ လိုပဲ NLD ဟာ ဘယ်ပါတီမှ ထည့်တွက်စရာမလိုဘဲ သောင်ပြိုကမ်းပြို နိုင်မှာ ဧကန် မလွဲပါဘူးလို့ မဇ္ဈိမက တင်ပြလိုက်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly