ဘောလုံးလောကမှ အနားယူရန် ’ငယ်ရွယ်လွန်းနေသေး’ပြီး ’ထိပ်တန်းအဆင့်မှာ ရှိနေတယ်’လို့ မန်ယူနည်းပြဟောင်း မော်ရင်ဟို ပြော

ဘောလုံးလောကမှ အနားယူရန် ’ငယ်ရွယ်လွန်းနေသေး’ပြီး ’ထိပ်တန်းအဆင့်မှာ ရှိနေတယ်’လို့ မန်ယူနည်းပြဟောင်း မော်ရင်ဟို ပြော
Photos: AFP& EPA

ဟိုဆေးမော်ရင်ဟိုက သူဟာ နည်းပြဘဝကနေ အနားယူဖို့အတွက် “အရမ်းငယ်ရွယ်လွန်းနေသေး”တယ်လို့ မန်ယူအသင်းမှ ထုတ်ပယ်ခံရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြောဆိုသွားခဲ့ပါတယ်။

မော်ရင်ဟိုဟာ beIN Sports ရဲ့ အာရှအားကစားပြိုင်ပွဲမှာ အစီအစဉ်သုံးသပ်တင်ဆက်သူအဖြစ် တာဝန်ယူရင်း သူဟာ ထိပ်တန်းအဆင့်မှာ ရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

အသက် ၅၅ နှစ်ရှိနည်းပြဟာ ဒီဇင်ဘာလက ရာထူးမှထုတ်ပယ်ခံရပြီးနောက်ပိုင်း မီဒီယာတွေနဲ့ တွေ့ဆုံပြောဆိုခဲ့ခြင်း မရှိခဲ့ပါဘူး။

“ကျနော် နည်းပြအဖြစ် ဆက်လုပ်သွားဖို့ အလိုရှိပါတယ်။”လို့ မော်ရင်ဟိုက BeIN SPORTS ကို ပြောခဲ့ပါတယ်။ “ကျနော်က အရမ်းငယ်ရွယ်သေးတယ်။ ဘောလုံးဘောကမှာ ကာလကြာရှည်စွာ ဆက်ရှိနေသွားမှာပါ။ ဒါပေမယ့် နောက်တစ်ပတ်ကျော်လောက်နေရင်တော့ ကျနော့်အသက် ၅၆ နှစ်ပြည့်ပါပြီ။ ကျနော့်အသက်က တကယ်ပဲ ငယ်ရွယ်နေပါသေးတယ်။ ဘောလုံးလောကရဲ့ ထိပ်ဆုံးမှာ ဆက်ရှိနေဖို့ ကျနော် နေသွားမှာပါ။”

မန်ယူအသင်းဟာ ပေါ်တူဂီနည်းပြ ထွက်ခွာသွားပြီးနောက်ပိုင်း ယာယီနည်းပြ ဆိုးလ်ရှားလက်ထက်မှာ ပြိုင်ပွဲစုံမှာ ၆ ပွဲလုံး အနိုင်ရရှိထားပါတယ်။ ဒါ့အပြင် နောက်ဆုံး ၆ ပွဲမှာ ၁၇ ဂိုးထိ သွင်းယူခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှာ မော်ရင်ဟိုရဲ့ အချိန်တွေဟာ အဓိကကစားသမားတွေ၊ အထူးသဖြင့် ပေါလ်ပေါ့ဘာတို့နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ခဲ့ပါတယ်။

မန်ယူအသင်းဟာ မော်ရင်ဟိုကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီးနောက် ပေါ့ဘာကို ၂၀၀၆ ခုနှစ်မှာ ကမ္ဘာ့စံချိန်တင် ပေါင် ၈၉ သန်းနဲ့ အသင်းရဲ့ ပထမဆုံးခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ပေါ့ဘာဟာ မော်ရင်ဟိုရဲ့ နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲမှာ ချန်လပ်ခံခဲ့ရပါတယ်။

“ဆာအဲလက်စ် ဖာဂူဆန် (ယူနိုက်တက် နည်းပြဟောင်း)ဆီကနေ အယူအဆ ခံယူချက်တစ်ခုကို ကျနော် ကိုင်ဆွဲခဲ့ပါတယ်။ ’ကစားသမားတစ်ယောက်က ကလပ်အသင်းထက် ပိုပြီး အရေးပါလာတဲ့နေ့ကို ရောက်လာပြီဆိုရင် ဘိုင်ဘိုင်ပါပဲ။’”လို့ မော်ရင်ဟိုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

မော်ရင်ဟိုဟာ မန်ယူအသင်းကို ပွဲစဉ်ပေါင်း ၁၄၄ ပွဲ ကိုင်တွယ်ခဲ့ပြီး ၈၄ ပွဲနိုင်၊ ၃၂ ပွဲသရေ၊ ၂၈ ပွဲရှုံးနိမ့်ထားပါတယ်။ သူဟာ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်ဆုဖလား ရယူပေးနိုင်ခြင်း မရှိပေမယ့် ၂၀၁၇ ယူရိုပါလိဂ်ဖလား၊ ကာရောင်ဘောင်းဖလား၊ ၂၀၁၆ ကွန်မြူနစ်ဒိုင်းတို့ကို ရယူပေးထားနိုင်ခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly