ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်အား ကျပ်သိန်း ၁ ထောင်ပေးခဲ့ခြင်းမရှိဟု ဇေယျာဖြိုး၏ဇနီးဖြစ်သူ ထွက်ဆို

ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်အား ကျပ်သိန်း ၁ ထောင်ပေးခဲ့ခြင်းမရှိဟု ဇေယျာဖြိုး၏ဇနီးဖြစ်သူ ထွက်ဆို
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဇန်နဝါရီလ ၁၇ ။             ။ ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ထွက်ပြေးလွတ်မြောက်နေသည့် တရားခံပြေး ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်အား ကျပ်သိန်း ၁ ထောင်ပေးခဲ့ခြင်းမရှိဟု ဇေယျာဖြိုး၏ ဇနီးဖြစ်သူ ဒေါ်သီတာလွင်က တရားရုံးတွင် ထွက်ဆိုခဲ့သည်။

 သေနတ်သမားကြည်လင်းအပါအဝင် ၃ ဦးအား ဇန်နဝါရီလ ၁၇ ရက်နေ့တွင်လည်း ယခင်ရုံးချိန်းများအတိုင်း ၁ဝ၁ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး ဇေယျာဖြိုးဘက်မှ တရားခံပြသက်သေအဖြစ်တင်သွင်းထားသည့် ဇေယျာဖြိုး၏ ဇနီးဖြစ်သူ ဒေါ်သီတာလွင်အား စစ်ဆေးခဲ့ခြင်းဖြစ်သည်။

 " အဓိကတော့ သူကနည်းနည်းစုံပါတယ်။ စုံပါတယ်ဆိုတာက ကိုဇေယျာဖြိုးရဲ့ ဇနီးလည်းဖြစ်တယ်။ ကုမ္ပဏီမှာ ဒါရိုက်တာအဖြစ်လည်း ပါတာဆိုတော့ ဒီကုမ္ပဏီကိစ္စတွေကို သူကထွက်ဆိုတယ်။ ကုမ္ပဏီကိစ္စတွေ ထွက်ဆို တယ် ဆိုပေမယ့် တခြား လုပ်ငန်းပိုင်းဆိုင်ရာ သိပ်မသိဘူး။ ငွေကြေးပိုင်းဆိုင်ရာကိုပဲ သူကကိုင်တာ။ ငွေကြေးပိုင်းဆိုင်ရာ ကိုင်တဲ့အတွက် ကျွန်တော်တို့ ဒီမှာကျတော့ အမှုနဲ့စပ်ဆိုင်တာကျတော့ ကိုဇေယျာဖြိုး သိန်း ၁ ထောင်ပေး၊ မပေးဆိုတဲ့ကိစ္စပါ။ အဲ့ဒီပေါ်မှာ ထွက််ဆိုတာကတော့ ကိုဇေယျာဖြိုးက ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ ကိုအောင်ဝင်းခိုင်ကို သိန်း ၁ ထောင်ပေးခဲ့တာမရှိဘူး။ အဲ့ဒီလိုထွက်သွားတယ်" ဟု တရားလိုများဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးမင်းမင်းဇော်က ပြောသည်။

 ဇေယျာဖြိုး၏ ဇနီးဖြစ်သူက တရားခွင်အတွင်း ငွေကြေးပိုင်းများနှင့် ပတ်သက်ပြီး ထွက်ဆိုခဲ့မှုများတွင်  ဇေယျာ ဖြိုး၏ မိတ်ဆွေ ရှိုးဂန်းကုမ္ပဏီမှ ဦးတင်ထွန်းအောင်ကို ကျပ်သိန်း ၁၂ဝဝ အား ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ ဇွန်လ အတွင်းချေးပေးခဲ့ပြီး ယင်းငွေများအား ဇူလိုင်လ ၁ ရက်နေ့တွင် ကျပ်သိန်း ၈ဝဝ၊ ဇူလိုင်လ ၅ ရက်တွင် ကျပ် သိန်း ၄ဝဝ တို့အား ပြန်လည်ရရှိခဲ့သည်ဟု ထွက်ဆိုခဲ့သည်။

 " သိန်း ၈ဝဝ က သူတို့ ကုမ္ပဏီငွေစာရင်းထဲကို တိုက်ရိုက်မရောက်ဘူး။ ကုမ္ပဏီငွေစာရင်းနဲ့ပတ်သက်ပြီး ထွက်ဆိုထားတာက သူတို့ကုမ္ပဏီရဲ့ မန်နေဂျာဖြစ်တဲ့ ကိုကျော်လင်းက ကုမ္ပဏီရဲ့ငွေစာရင်းကို ကိုင်တယ် ပြောတယ်။ ဒါပေမယ့် သူ့တို့ တကယ်ထားတဲ့အခါကြတော့ မသီတာလွင်ပေါ့။ ပြောရရင်သူဌေးကိုယ်တိုင်ပေါ့ ငွေစာရင်းအကောင့်သီးသန့်ကို တကယ်သိမ်းတာ။ ဒါပေမယ့်တကယ် ကုမ္ပဏီလည်ပတ်တဲ့အထဲ ဦးကျော် လင်းဆီကို သိန်းတစ်ရာပဲထည့်ပေးတယ်။ ကျန်တဲ့ ၆ဝဝ က ဒေါ်သီတာလွင်ရဲ့ အကောင့်ထဲကို ထည့်တယ် ပြောတယ်။ ကျန်တဲ့တစ်ရာက ကုမ္ပဏီလည်ပတ်ဖို့အထဲ ထည့်တယ်ပြောတယ်။ အဲ့ဒီလိုမျိုးတော့ ကျွန်တော်တို့ သိရတယ်"ဟု ဒေါ်သီတာလွင်၏ ငွေကြေးပိုင်းဆိုင်ရာထွက်ဆိုမှုနှင့် ပတ်သက်ပြီး တရားလိုရှေ့နေ ဦးမင်းမင်း ဇော်က ပြောဆိုခဲ့သည်။

 ဇေယျာဖြိုး၏ ဇနီးဖြစ်သူ ဒေါ်သီတာလွင်က ကုမ္ပဏီငွေကြေးပိုင်းဆိုင်ရာထွက်ဆိုချက်များအပြင်  ပြည်ထဲ ရေးဝန်ကြီးဌာနတွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည့် မော်ဒန်လက်ဖက်ရည်ဆိုင်တွင် ဇေယျာဖြိုး၊ အောင်ဝင်းခိုင်နှင့် မိုင်းဖြတ်မြို့နယ်လွှတ်တော်အမတ် ဦးလင်းဇော်ထွန်းတို့ ၃ ဦးတွေ့ဆုံခဲ့ရာမှ ဦးကိုလုပ်ကြံမှု ပေါ်ပေါက်ခဲ့သည်ဆိုသောအချက်နှင့်ပတ်သက်ပြီး ထိုအချက်မှာ မဟုတ်မှန်ဘဲ ထိုအချိန်က လက်ဖက်ရည်ဆိုင်မှာ ပိတ်ထားကြောင်း ထွက်ဆိုခဲ့သည်။

 ရဲတပ်ဖွဲ့မှ ၎င်းတို့၏ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေခဲ့စဉ်ကလည်း ငွေကျပ် သိန်း ၅ဝ ပျောက်ဆုံးခဲ့သည့်အပြင် စာရွက်စာတမ်းများလည်း ပျောက်ဆုံးခဲ့ကြောင်း၊ သတင်းစာရှင်းလင်းပွဲတွင် တင်ပြခဲ့သည့် ဇေယျာဖြိုးက ကျပ် သိန်း ၁ ထောင်အား လွှဲပေးနေသည်ဆိုသော ဓာတ်ပုံများမှာလည်း ငွေလွှဲစဉ် ဓာတ်ပုံများမဟုတ်ဘဲ ၎င်းတို့၏ နေအိမ်အတွင်း လာရောက်ရှာဖွေစဉ်က ရိုက်ယူထားခဲ့ခြင်းဖြစ်ကြောင်း ဇေယျာဖြိုး၏ ဇနီး ဒေါ်သီတာလွင်က ထွက်ဆိုခဲ့သည်။

 " ဒီနေ့ကတော့ ရှင်းနေတာပဲလေ။ ကျွန်တော့်အမျိုးသမီးက ချက်ကျလက်ကျနဲ့ အထောက်အထားတွေနဲ့ နောက်ဆုံး ဥပဒေအရာရှိက ကန့်ကွက်တောင်တာမှ အထောက်အထားခိုင်မာလို့ တရားရုံးက ကျွန်တော်တို့ တင်သွင်းတဲ့ သက်သေခံအားလုံးကို လက်ခံမှာပါ။ ငွေနဲ့ ပတ်သက်တဲ့ စာရင်းတွေကို ကျွန်တော်အမျိုးသမီးက တင်သွင်းတာပါ။ အခုက ဘာလဲဆိုတော့ ဒီအမှုမှာ ရှင်းနေရတာက သတင်းစာရှင်းလင်းပွဲကို ရှင်းနေရတယ်။ ရုံးမှာပေါ်ပေါက်တာကို ရှင်းနေရတာမဟုတ်ဘူး"ဟု စွပ်စွဲခံရသူ ဇေယျာဖြိုးက တရားရုံးမှ အထွက်တွင် ပြောဆိုသွားခဲ့သည်။

 အဆိုပါအမှုနှင့် ပတ်သက်ပြီး တရားခံပြသက်သေ ၇၂ ဦးအား အထူးခုံရုံးတွင် တင်ပြထားခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဇေယျာဖြိုး၏ ဇနီးဖြစ်သူကို စစ်ဆေးပြီးစီးခဲ့ပြီဖြစ်သောကြောင့် နောက်ဆုံးစစ်ဆေးရန် တရားခံပြသက်သေ ၂ ဦးသာကျန်ရှိတော့သည်။

 အဆိုပါ တရားခံပြသက်သေ ၂ ဦးအား ဆက်လက်စစ်ဆေးရန်အတွက် ဇန်နဝါရီလ ၁၈ ရက်နေ့အား အင်းစိန်မြို့နယ်၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၊ အထူးခုံရုံးမှ ပြန်လည်ချိန်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly