တွင်းတစ်တွင်းထဲ ပြုတ်ကျသွားခဲ့တဲ့ ၂ နှစ်အရွယ် ကလေးငယ်ကို ကယ်ဆယ်နိုင်ရေး စပိန်တာဝန်ရှိသူတွေ ဆက်လက်ကြိုးပမ်းနေ

တွင်းတစ်တွင်းထဲ ပြုတ်ကျသွားခဲ့တဲ့ ၂ နှစ်အရွယ် ကလေးငယ်ကို ကယ်ဆယ်နိုင်ရေး စပိန်တာဝန်ရှိသူတွေ ဆက်လက်ကြိုးပမ်းနေ

ဇန်နဝါရီ ၁၇ ။             ။ စပိန်နိုင်ငံမှာ အသက် ၂ နှစ်သားအရွယ် ကောင်လေးတစ်ဦး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်က တွင်းတစ်တွင်းထဲ ပြုတ်ကျပိတ်မိနေလျက်ရှိရာ ကယ်ဆယ်ရေးသမားတွေက ၎င်းကို အပြင်ကို ပြန်ထုတ်နိုင်ရေး ဆက်လက်ကြိုးပမ်းနေကြလျက် ရှိပါတယ်။

၎င်း ကလေးငယ်လေး တွင်းထဲ ကျသွားခဲ့တာဆိုရင် ယနေ့နဲ့ပါ ဆိုရင် လေးရက် မြောက်နေ့အထိ ရောက်လာခဲ့ပြီဖြစ်ကာ ၎င်းအသက်ရှင်နိုင်ရေး မျှော်လင့်ချက်တွေဟာလည်း မှေးမှိန်သထက် မှေးမှိန်လာနေခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘာပဲဖြစ်ဖြစ် ၎င်းကလေးငယ်ကို အပေါ်ကို ပြန်ဆွဲတင်နိုင်ဖို့ တာဝန်ရှိသူတွေက ဆက်လက်ကြိုးပမ်းနေလျက် ရှိပါတယ်။

အသက် ၂ နှစ်သားအရွယ် သားဖြစ်သူဟာ နိုင်ငံတောင်ပိုင်း မာလာဂါ ခရိုင် တိုတယ်လန်းမြို့က ပုဂ္ဂလိကပိုင် ခြံကွက်တစ်ခုထဲမှာ ဆော့ကစားနေရင်း တွင်းထဲ ကျသွားခဲ့တာကို မြင်လိုက်ရတယ်လို့ ဖခင်ဖြစ်သူ ဟိုဆေးက စပိန်မီဒီယာကို ပြောပါတယ်။

ယခုလက်ရှိအချိန်ထိ တွင်းထဲကနေ ပြန်ဆွဲထုတ်ထားနိုင်တဲ့ အပျက်အစီးတွေထဲမှာ ဆံပင် အပိုင်းအပြတ်တွေ တွေ့ခဲ့ရပြီး DNA စစ်ဆေးချက်အရ ယင်းဟာ ကောင်လေးရဲ့ ဆံပင်တွေဖြစ်တယ်လို့ အတည်ပြုထားနိုင်ပါတယ်။

ယခုအချိန်ထိ ယင်း ကလေးငယ် အသက်ရှင်လျက် ရှိနေဆဲ ဆိုတဲ့ လက္ခဏာရပ်တွေကိုတော့ မတွေ့ရသေးပါဘူး။

စပိန် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေက တွင်းထဲကို ကင်မရာတွေ ချပြီး ကောင်လေးရှိမယ့် နေရာကို ရှာဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေ ဖြစ်နေလျက် ရှိပါတယ်။

ယင်းတွင်းကတော့ အကျယ် ၁၀ လက်မ ၊ အနက် ၃၂၈ ပေ  ရှိပြီး တစ်ချို့နေရာတွေမှာ မြေကြီးတွေကလည်း ပိတ်ဆို့နေတာကြောင့် ကယ်ဆယ်ရေးလုပ်ရာမှာ အခက်တွေ့နေလျက် ရှိပါတယ်။

အဆိုပါ ကျဉ်းမြောင်းလှတဲ့ တွင်းကတော့ ပြီးခဲ့တဲ့ တစ်လလောက်က ရေထွက်မထွက် စမ်းသပ် တူးခဲ့တာဖြစ်ပြီး ယင်းနောက်ပိုင်း ယင်းတွင်းပေါက်ကို ပြန်ပိတ်ထားခြင်းမရှိလို့ ခုလို ဖြစ်ရပ်နဲ့ ကြုံရတာဖြစ်ကြောင်း ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required