အားပေးရကျိုးနပ်အောင် ကြိုးစားမယ်ဆိုတဲ့ ချမ်းမြေ့မောင်ချို

By တင်ရွှေ(မဇ္ဈိမ)/ထီလာ ကိုငယ်လေး
17 January 2019
အားပေးရကျိုးနပ်အောင် ကြိုးစားမယ်ဆိုတဲ့ ချမ်းမြေ့မောင်ချို
ဓာတ်ပုံ - Chan Myae Mg Cho facebook

မိတ္ထီလာ ၊ ဇန်နဝါရီ ၁၇ ။            ။ တစ်ကိုယ်တော်စီးရီးထွက်ရှိရန် ကြိုးစားနေတဲ့၊ မြန်မာအိုင်ဒေါအဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ချမ်းမြေ့မောင်ချိုကို မိတ္ထီလာမြို့ LED မီးအလှပြပွဲ လာရောက်ဖျော်ဖြေရာတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်သည်။

မေး။ ။ ချမ်းမြေ့မောင်ချို ပရိသတ်ကြီးကို မိတ်ဆက်စကားလေးပြောပေးပါဦး။

 ဖြေ။ ။ ပရိသတ်ကြီး အားလုံး မင်္ဂလာပါရှင့် ။ ကျွန်မ ချမ်းမြေ့မောင်ချိုပါ။

မေး။ ။ မိတ္ထီလာကို လာရောက်ဖျော်ဖြေတာ ဘယ်နှစ်ကြိမ်မြောက်လဲ။ ဖျော်ဖြေဖို့ရောက်ရှိဖြစ်ခဲ့ပုံလေးလည်းပြောပြပေးပါဦး။

 ဖြေ။ ။ ပထမဦးဆုံးလာရောက်ဖြေဖျော်တာပါ ။မိတ္ထီလာမှာ လာရောက်ဖျော်ဖြေဖို့က မန္တလေး LED မီးအလှပွဲမှာရောက်တော့ ပြောဖြစ်တာပါ ။မိတ္ထီလာ LED မီးအလှပြပွဲမှာ လာရောက်ဖျော်ဖြေပေးဖို့နဲ့ ကြော်ငြာပေးဖို့ပေါ့နော်။ အဲ့လိုနဲ့ ၂၀၁၉ ဇန်နဝါရီ ၁၄ ရက် ၊ ၁၅ ရက် တစ်ရက်ရက်လာဖျော်ဖြေပေးပါပေါ့ ။ အဲဒါနဲ့ အချိန်လေးညှိပြီးလာရောက်ဖျော်ဖြေဖြစ်တာပါ။

မေး။ ။ မိတ္ထီလာကနေ ချမ်းမြေ့မောင်ချိုလာရောက်ဖျော်ဖြေမှာကို စောင့်မျှော်နေတဲ့ ပရိသတ်ကိုရော ဘာများပြောချင်ပါသလဲ။

 ဖြေ။ ။ အခုလိုတရင်းတနှီးနဲ့အားပေးကြတာရော ပြိုင်ပွဲအစကနေအားပေးနေတဲ့ မိတ္ထီလာက ပရိသတ်ကြီးကိုရော ပထမဆုံးလာရောက်ဖျော်ဖြေပေမယ့်လည်း အားမငယ်ရဘူးပေါ့နော် ။ ခုလိုအားပေးတဲ့ပရိသတ်ကြီးကို ကျေးဇူးအများကြီးတင်ပါတယ်။ နောက်လည်းအမြဲတမ်းလာရောက်ဖျော်ဖြေချင်ပါတယ်။

မေး။ ။ အနုပညာလောကထဲဝင်လာဖြစ်ပုံလေးရယ် အနုပညာခရီးအစ အခက်အခဲရှိတာလေးတွေရှိရင်ပြောပြပေးပါဦး။

ဖြေ။ ။ အနုပညာထဲဝင်တယ်လို့တော့မဟုတ်ဘူးပေါ့နော် ။ ငယ်ငယ်ထဲက ကျောင်းမှာဆိုရင် (၆) တန်း၊  (၇) တန်းလောက်တည်းက ရသအချိန်တို့ ပိတီချိန်တို့ဆိုရင် အခန်းထဲမှာက သူငယ်ချင်းတွေစုပြီးသီချင်းဆိုလေ့ရှိတယ် ။ ဆရာမတို့ကလည်း ညီမငယ်ငယ်ထဲက ယောကျာင်္လေးနာမည်ဆိုတော့ ဟို မျက်မှန်းတမ်းမိတာပေါ့နော် ။ အဲကြ တစ်ခုခုဆို ရသဘာညာသီချင်းဆိုလို့ရှိရင် ညီမကိုပဲခေါ်ပြီးဆိုလေ့ရှိတာပေါ့နော် ။ အပျော်ဆိုတာပေါ့နော်၊ အဲ့တုန်းထဲကဆိုတာ။  (၁၀)တန်းပြီးတော့လည်း ကျောင်းမှာဆရာကန်တော့ပွဲလုပ်တော့ သီချင်းလေးတစ်ပုဒ်ဆိုတယ် ။ မလာပါနဲ့သီချင်းဆိုဖြစ်တယ်။ ကိုယ် ဒီ အဆိုတော်ဘဝကို တစ်ကယ်ဖြစ်ချင်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုသိတော့ ညီမ အဆိုသင်တန်းနဲ့ ဂစ်တာသင်တန်းကိုပေါ့နော် တစ်လခွဲလောက်သွားတက်လိုက်တယ် ။ ဒါပေမယ့် စင်ကာပူမှာ အဖေက စာမေးပွဲသွားဖြေတော့ အဖေနောက်လိုက်ဖြစ်သွားရင်းနဲ့ နှစ်လလောက်မတက်ဖြစ်တော့ဘူး ။ အဲဒါပြီးမှ ညီမ ပြန်လာတော့ အိုင်ဒေါက အစီအစဉ် 2 ရောက်နေပြီ ။ ညီမ မသွားခင်က အစီအစဉ်1 စတာပေါ့နော်။ ပြန်လာတော့ အစီအစဉ် 2 က စတော့မယ်ဆိုတော့ အစီစဏ် 1 ကလည်း ကိုယ် အားပေးခဲ့တယ်ပေါ့နော် ။ အစီအစဉ် 2 မှာလည်း ငါ ရရင်လည်းကောင်းတယ်ပေါ့နော် ။ မရရင်လည်း ကိုယ့် လိုအပ်ချက်တွေသိရသေးတာပေါ့ဆိုပြီး အစီအစဥကို သွားပြိုင်တယ် သွားပြိုင်တော့ အစီအစဉ် 2 မှာလည်း မပါလာဘူး ။ မပါလာတော့ အစီအစဉ် 3 မှာ ထပ်ပြိုင်လိုက်တယ် ။ ကံကောင်းထောက်မစွာနဲ့ ပါလာတယ် ။ အစကတော့ဒီလောက်ကြီးအထိ မျှော်မှန်းမထားဘူးပေါ့နော် ။ ဒီတိုင်းပဲ ကိုယ် ဝါသနာပါသလောက်ပဲလုပ်တာ။ အခုကြတော့ ဝါသနာရှင်အဆင့်မဟုတ်တော့ဘဲ တကယ့်ပရော်ဖက်ရှင်နယ် လုပ်မဲ့အဆင့် ရောက်လာတော့ ။ ဒါ ကိုယ် ရွေးချယ်တဲ့လမ်းဆိုပြီးတော့ အဆုံးထိဆက်လျှောက်သွားဖို့ကြိုးစားခဲ့ပါတယ်။

 မေး။ ။ လတ်တလော အဆိုနဲဲ့ပတ်သက်ပြီး အနုပညာလှုပ်ရှားမှုလေးပြောပြပေးပါဦး။

ဖြေ။ ။ လတ်တလောကတော့ သီချင်းအခွေလေးထွက်ဖို့ကြိုးစားနေပါတယ် ။ ဒါပေမယ့် အခက်အခဲလေးရှိတော့ မထုတ်နိုင်သေးဘူးပေါ့နော်။ နောက်နှစ်လောက် ထွက်လာနိုင်အောင် ကြိုးစားနေပါတယ်။

မေး။ ။ အခွေထုတ်ပို့ အစီအစဉ်ရှိတယ်ဆိုတော့ ဘယ်လိုပုံစံမျိုးထုတ်မှာလဲ (တစ်ကိုယ်တော်စီးရီးလား/အဖွဲ့လိုက်လား) တေးစီးရီးခေါင်းစဉ်လေးပြောပြပေးပါဦး။

ဖြေ။ ။ စီးရီးခေါင်းစဉ်ကတော့ မသိသေးဘူး ။ မသိသေးဘူးဆိုတာကလည်း သီချင်းတွေအကုန်စုပြီးတော့ ဘယ်လိုပုံစံတွေရှိတယ်ဆိုတာ သိတော့မှ သေသေချာချာလေးစဉ်းစားပြီးပေးမှာဆိုတော့ ခုချိန်ထိ စီးရီးကို အမည်ပေးဖို့ မစဉ်းစားသေးဘူး ။ အခွေထုတ်ရင်လည်း တစ်ကိုယ်တော်စီးရီးထုတ်ဖို့များတယ်။

မေး။ ။ ပရိသတ်ကြီးကို ရင်ထဲကနေပြောချင်တဲ့ ဖြည့်စွက်စကားလေးပြောပေးပါဦး။

ဖြေ။ ။ ဖြည့်စွက်စကားက ဘယ်လိုပြောရမလဲဆိုရင်တော့ ဒီအချိန်၊ ဒီနေရာအထိ၊ ဒီလိုသီချင်းလိုက်ဆိုနိုင်တာကလည်း ပရိသတ်ကြီးကြောင့်ပေါ့နော် ။ သူတို့ အားပေးရကျိုးလည်းနပ်အောင်၊ ပြီးတော့သူတို့အားပေးတဲ့သူက ဘယ်လိုမျိုးလေးဆိုတာပေါ့နော် ။ ကျွန်မတို့သူငယ်ချင်းတွေဆိုရင်လည်း ကိုယ်ကြိုက်တဲ့ နိုင်ငံခြားအဆိုတော်တွေဆို ဘယ်သူကပိုကောင်းတယ်ဆိုတာ စပြီးပြောလေ့ရှိတယ်ပေါ့နော်။ ညီမကို အားပေးတဲ့ ပရိသတ်ကြီးလည်း အားပေးရကျိုးနပ်အောင်၊ ညီမကလည်းကြိုးစားသွားမယ် ။ သီချင်းတွေလည်း သူတို့မျှော်မှန်းထားသလိုမျိုး ဖြစ်အောင်ကြိုးစားမယ် ။ တချို့ကြလည်း ပြိုင်ပွဲတုန်းကသီချင်းတွေ ပြန်ပြီးထည့်စေချင်တယ်ပေါ့နော်။ အယ်လ်ဘမ်ထဲမှာလည်းအဲ့လိုထည့်နိုင်အောင်ကြိုးစားမယ်။ စီးရီးထွက်လာခဲ့ရင်လည်းအားပေးကြပါဦးလို့။ ပြီးတော့ အားပေးရကျိုးနပ်အောင်လည်း ကြိုးစားသွားမှာပါ။

မေး။ ။ နောက်ဆုံးမေးခွန်းအနေနဲ့ ပရိသတ်ကြီးကို စကားလက်ဆောင်လေးပြောပြပေးပါဦး။

ဖြေ။ ။ စကားလက်ဆောင်ပြောရမယ်ဆိုလို့ရှိရင် ဒီနှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ ။ ညီမတို့ အိုင်ဒေါက အစီအစဉ် ဝမ်း ၊တူး ၊ သရီးက မောင်နှစ်မတွေ အကုန်လုံးကိုလည်း သူတို့အားပေးလာလို့အောင်မြင်လာတယ်ပေါ့နော်(အစီအစဉ် ဝမ်း တူး သရီး)အားပေးလာ ။ အဲ့ကြောင့်လည်း ခုလိုဆက်ပြီးအားပေးလာတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ပြီးတော့ အခုအစီအစဉ် 4လည်း လာတော့မယ်ဆိုတော့ အစီအစဉ် 4 လာရင်လည်း အားပေးကြပါဦးလို့ ။ ညီမတို့အကုန်လုံးကို အခုချိန်အထိအလုပ်လုပ်နိုင်အောင် ၊ ပရိသတ်ရင်ထဲ ကျန်နေခဲ့အောင် ၊ ခုလိုကြိုးစားခွင့်ပေးတဲ့ အသိအမှတ်ပြုတဲ့အတွက်လည်း အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly