စည်ပင်ရွေးကောက်ပွဲယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း လျှောက်လွှာများ ဇန်နဝါရီ ၁၈ တွင် စတင် လျှောက်ထားနိုင်

စည်ပင်ရွေးကောက်ပွဲယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း လျှောက်လွှာများ ဇန်နဝါရီ ၁၈ တွင် စတင် လျှောက်ထားနိုင်
ဓာတ်ပုံ သက်ကို

ရန်ကုန်၊ဇန်နဝါရီ ၁၆ ။              ။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းလျှောက်လွှာများကို ဇန်နဝါရီ ၁၈ရက်နေ့တွင် စတင်လျှောက်ထားနိုင်ကြောင်း စည်ပင်သာယာရေး ကော်မတီရွေးကောက်ပွဲ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။

အဆိုပါ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဇန်နဝါရီ ၁၆ရက်နေ့တွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

“‘၂၀၁၄ စည်ပင်ရွေးကောက်ပွဲ တုန်းကတော့ တစ်အိမ်ထောင်ကို တစ်ဦးကပဲ မဲပေးခွင့်ရရှိခဲ့ပေမယ့် အခု ၂၀၁၉ မှာပြုလုပ်မယ့် စည်ပင်ရွေးကောက်ပွဲ ကတော့ အသက် ၁၈နှစ်ပြည့်ပြီးသူတွေ ပေးခွင့် ရှိမှာ ဖြစ်ပါတယ်”ဟု ဦးအောင်ခိုင်က ပြောသည်။

ရွေးကောက်ပွဲဝင်ပြိုင်မည့်သူများအတွက် လျှောက်လွှာများကို ဇန်နဝါရီလ ၁၈ရက်နေ့မှ စတင်လျှောက်ထား နိုင်ပြီး ဇန်နဝါရီ ၂၈ရက်နေ့အထိ နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်းသိရသည်။ ဝင်ရောက်ယှဉ်ပြိုင်မည့် စည်ပင်ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်ကာလကို ၁လ သတ်မှတ်ထားပြီး ဖေဖော်ဝါရီ၂၈ရက် နေ့မှ မတ်လ ၂၉ရက်နေ့အထိ မဲဆွယ်ခွင့်ရှိကြောင်း သိရသည်။ ယခုနှစ် စည်ပင်ရွေးကောက်ပွဲကို မတ်လ ၃၁ရက် နေ့တွင် ကျင်းပမည်ဖြစ်သည်။

ရွေးကောက်ပွဲတွင် ဒုတိယရန်ကုန်မြို့တော်ဝန် အပါအဝင် ကော်မတီဝင်(၁၁)ဦးကိုခန့်အပ်မည်ဖြစ်ပြီး စည်ပင် ၃၃ မြို့နယ်တွင်  တစ်မြို့နယ်နယ်လျှင် ကိုယ်စားလှယ် သုံးဦးစီ စုစုပေါင်း ၉၉ ဦးအနေဖြင့် ပါဝင်ယှဉ်ပြိုင် နိုင်မည်ဖြစ်သည်။

အဆိုပါ ကော်မတီဝင်(၁၁)ဦးအနက် ဒုတိယ ရန်ကုန်မြို့တော်ဝန် အပါအဝင် ကော်မတီဝင်(၆)ဦးကို ပြည်သူက တိုက်ရိုက်ရွေးချယ် တင်မြှောက်နိုင်မည်ဖြစ်ကာ ကျန်ကော်မတီဝင်(၅)ဦးကို အစိုးရက ခန့်အပ်မည်ဖြစ်ကြောင်း ကော်မတီဝင် ၆ ဦး အနေဖြင့်မှတ်ပုံတင်ကြေးအဖြစ် စည်ပင်ကို ၅ သိန်းသွင်းရမည်ဖြစ်ကာ မြို့နယ်အလိုက် ကိုယ်စားလှယ်များသည် မှတ်ပုံတင်ကြေး ၂သိန်းပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။

၂၀၁၄ခုနှစ်က ပြုလုပ်ခဲ့သည့် စည်ပင်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များသည်  အိမ်ထောင်စုတစ်စုတွင် ၁၈နှစ် ပြည့်ပြီးသော အိမ်ထောင်ဦးစီးတစ်ဦးသာ မဲပေးခွင့်ရှိခဲ့သော်လည်း ယခုစည်ပင်ရွေးကောက်ပွဲတွင် ၁၈နှစ် ပြည့်ပြီးသူတိုင်း မဲပေးနိုင်မည်ဖြစ်ကြောင်း ကန့်သတ်ချက်အဖြစ် မဲပေးမည့်သက်ဆိုင်ရာမြို့နယ်တွင် အနည်းဆုံး တစ်နှစ်နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly