အဝေးသင်( ဝိဇ္ဇာ) အနီးကပ် ၁၀ ရက်အစား ၅ ရက် ၂ ကြိမ် တက်ရောက်ရန် စီစဉ်နေ

အဝေးသင်( ဝိဇ္ဇာ) အနီးကပ် ၁၀ ရက်အစား ၅ ရက် ၂ ကြိမ် တက်ရောက်ရန် စီစဉ်နေ
Photo-AFP

နေပြည်တော်၊ ဇန်နဝါရီ ၁၆ ။           ။ အဝေးသင်ပညာရေး အရည်အသွေးမြင့်မားစေရန် တစ်နိုင်ငံလုံးရှိ အဝေးသင်( ဝိဇ္ဇာ) အနီးကပ် ၁၀ ရက်အစား ၅ ရက် ၂ ကြိမ် တက်ရောက်ရန် လုပ်ဆောင်နေသည်ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသိန်းဝင်းက ပြောသည်။

“အခုလို ဒီ အဝေးသင်ကျောင်းသားကျောင်းသူတွေအတွက် ၂ ကြိမ်ခွဲပြီးတော့ ကျွန်တော်တို့ သက်ဆိုင်ရာကျောင်း ကို ၂ ကြိမ်လာရမှာပေါ့။ ဒီလိုလာရတာကတော့ သူတို့အတွက် အခက်အခဲရှိမယ်လို့ ယူဆပေမယ့် ကျွန်တေ်ာတို့ အနေနဲ့ကတော့ အဝေးသင်ပညာရေး အရည်အသွေးမြင့်မားဖို့က အဓိက ဦးတည်ချက်ပါ”ဟု ယနေ့ ဇန်နဝါရီ ၁၆ရက်နေ့က ပညာရေးဝန်ကြီးဌာနတွင် ဒေါက်တာသိန်းဝင်းက ပြောခဲ့ခြင်းဖြစ်သည်။

အဝေးသင်ပညာရေးစနစ် ၀ိဇ္ဇာဘာသာတွဲများတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ကျောင်းသူများအား ပုံမှန် တက်ရောက်နေရသည့် မေလတွင် ၅ ရက် တစ်ကြိမ်၊ နိုဝင်ဘာလတွင် နောက်ထပ် ၅ ရက်အဖြစ် နှစ်ကြိမ်ခွဲ တက်ရောက်ရမည် ဖြစ်သည်။

ယခင်က အနီးကပ် ၁၀ ရက်သည် ဖြေဆိုမည့် စာမေးပွဲနှင့် အရမ်းနီးကပ်နေသောကြောင့် ကျောင်းသား၊ကျောင်းသူများအတွက် လေ့လာသင်ယူရသည့် အခက်အခဲများရှိနိုင်ပြီး ယခုကဲ့သို့ ၅ ရက် ၂ ကြိမ် ပြုလုပ်လိုက်ပါက ၄င်းတို့အတွက် ပထမ တစ်ကြိမ်တွင် ဆရာ၊ဆရာမများက လမ်းညွှန်ပေးလိုက်သည့် ဘာသာရပ်များကို ပိုမိုလွယ်လွယ်ကူကူ ကျက်မှတ်နိုင်မည်ဖြစ်ပြီး နားမလည်သည်များရှိခဲ့ပါကလည်း နိုဝင်ဘာလတွင် တက်ရောက်ရမည့် နောက်ထပ် အနီးကပ် ၅ရက်တွင် မေးနိုင်သောကြောင့် ပညာအရည်အသွေးပိုမိုတိုးတက်လာမည်ဟု ၄င်းကမျှော်လင့်ထားကြောင်း ဆက်လက်ပြောသည်။

ယခုလက်ရှိတွင် တစ်နိုင်ငံလုံးမှ ၀ိဇ္ဇာဘာသာရပ်သင်ဆရာ၊ဆရာမများကို ထိုသို့  အနီးကပ် ၁ဝရက်တစ်ပြိုင်တည်း တက်ရောက်ရမည့်အစား ၅ ရက် ၂ ကြိမ်ခွဲပြီး တက်ရောက်ရန် ဖြစ်နိုင်၊ မဖြစ်နိုင်အကြောင်း မေးမြန်းထားကြောင်း ဒေါက်တာသိန်းဝင်းကပြောသည်။

ထိုသို့ ၅ ရက်နှစ် ကြိမ် ခွဲပြီး သင်ကြားရန်အတွက်ကိုမူ ကျောင်းသား၊ ကျောင်းသူများနှင့်တိုင်ပင်ခဲ့ခြင်းမရှိမရှိ မေးမြန်းမှုအပေါ်တွင် “သူတို့ဘက်တော့ တိုင်ပင်ခဲ့တာ မရှိဘူး။ ကျွန်တောတို့ဘက်ကတော့ အဝေးသင် ကွာလဖီကေးရှင်းကို တက်အောင်ဆိုပြီး တော့ ဒါ ကျွန်တော်တို့ Open university က သူ့ရဲ့ အကြံပြုထားတဲ့ အချက်က အချက်သုံးချက်လောက်ရှိတယ်။ အဲ့ထဲက ဒီအချက်ကို ကျွန်တော်တို့ မြန်မာနို်င်ငံအနေနဲ့  Inline ဖြစ်မယ်ဆိုပြီး အဲ့အချက်ကိုယူလိုက်တာ”ဟု ၄င်းကပြောသည်။

အဝေးသင်တက်ရောက်သူ အများစုသည် လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်ပြီး တက်ရောက်သူ များပြားသည့်အတွက် ထိုသို့ နှစ်ကြိမ်ပြောင်းလဲလိုက်မည်ဆိုပါက ကျောင်းသား၊ ကျောင်းသူ အများစုတွင် အခက်အခဲများဖြစ်လာနိုင်ကြောင်း ပြောဆိုမှုများလည်းရှိသည်။

“ကျွန်တော်က ဦးလေးအလုပ်ဆိုတော့ ပြေပါတယ်။ တချို့ကျောင်းသားတွေမပြေနိုင်ဘူး။ အလုပ်မရှိ ပိုက်ဆံပေါတဲ့သူတွေကတော့ ပျော်တာပေါ့” ဟု ဦးလေးတော်စပ်သူ၏ အလုပ်တွင် ဝင်ရောက်လုပ်ကိုင်ရင်း ပထဝီဘာသာရပ်တွင် တတိယနှစ် စာမေးပွဲကို ဖြေဆိုထားသူ ကိုကျော်မျိုးဦးကပြောသည်။

ကုမ္ပဏီများတွင် ဝင်ရောက် အလုပ်လုပ်ကိုင်နေသူများအဖို့ ထိုသို့ နှစ်ကြိမ် တက်ရောက်ရပါက အခက်အခဲများစွာ ရှိလာနိုင်ပြီး အလုပ်မှ ထွက်ရောက်ရသည့်အနေအထားမျိုးထိရှိနိုင်နေကြောင်းကို ဆေးကုမ္ပဏီတစ်ခုတွင် ဝင်ရောက်အလုပ်လုပ်ကိုင်ရင်း တတိယနှစ် အင်္ဂလိပ်အထူးပြုဖြင့်ကျောင်းတက်နေသူ ကိုအောင်မျိုးဦးကပြောသည်။

“အလုပ်ပေါ်မူတည်ပြီး ကုမ္ပဏီပိုင်ရှင်တွေ ဘာတွေကကျတော့ ပေးချင်မှာမဟုတ်ဘူးလေ။ ဒီငါးရက်ဆိုတာကလည်း အနည်းဆုံးက ၇ ရက်လောက်ကြာမှာပဲ။ အသွားအပြန်နဲ့ခွင့်တိုင်ရမှာနဲ့။တစ်ပတ်လောက်တော့ ခွင့်တိုင်ရမှာပဲ။ ပြီးတော့ မေလက ရှေ့မှာ ဧပြီသင်္ကြန်ပိတ်ရက်ဆိုတာကရှိသေးတယ်။  ငါးလပိုင်းမှာ ထပ်ခွင့်ယူမယ်ဆိုရင် ကုမ္ပဏီပိုင်ရှင်ဘက်ကလည်း ပြန်တွက်ရမှာပဲ” ဟု ကိုအောင်မျိုးဦးကပြောသည်။

ယခင်က အဝေးသင်ဘာသာရပ်ဖြေဆိုရန်မေးခွန်းများကို မြန်မာပြည်အောက်ပိုင်းတွင် ရန်ကုန်မှ ထုတ်ပြီး၊ မြန်မာပြည်အထက်ပိုင်းအတွက် မန္တလေး တက္ကသိုလ်မှ ထုတ်ပြီး ယခုနှစ်မှ စတင်ကာ သက်ဆိုင်ရာ ကျောင်းများမှ မေးခွန်းများထုတ်ပြီး စစ်ဆေးရမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly