ဟွန်ဒူးရပ်စ်မှ ရွှေ့ပြောင်းဝင်ရောက်သူ စီးဝင်မှုကြီး အမေရိကန်ဆီ ဦးတည်လာနေပြန်

ဟွန်ဒူးရပ်စ်မှ ရွှေ့ပြောင်းဝင်ရောက်သူ စီးဝင်မှုကြီး အမေရိကန်ဆီ ဦးတည်လာနေပြန်

ဆန်ပီဒရိုဆူလာ၊ ဇန်နဝါရီ ၁၆ ။               ။ ဟွန်ဒူူးရပ်စ်မှ ရွှေ့ပြောင်းဝင်ရောက်သူ ရာပေါင်းများစွာဟာ အမေရိကန်နိုင်ငံထဲ ဝင်ရောက်နိုင်ဖို့ ခြေလျင်ဦးတည် သွားကြပြီ ဖြစ်ပါတယ်။

အခု ရွှေ့ပြောင်းဝင်ရောက်သူ နောက်ထပ် စီးဝင်မှုကြီးကို ထောက်ပြရင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ၎င်းရဲ့ မက္ကဆီကိုနယ်စပ် တံတိုင်းတည်ဆောက်ရေးဟာ မှန်ကန်တဲ့ အစီအစဉ်ပဲ ဖြစ်ကြောင်း အင်္ဂါနေ့မှာ ကိုးကားပြောဆိုပါတယ်။

 “ဟွန်ဒူးရပ်စ်ကနေပြီး ကျွန်တော်တို့ တောင်ပိုင်းနယ်စပ်ဆီ နောက်ထပ် အသစ်တဖန်ပေါ်ပေါက်တဲ့ ရွှေ့ပြောင်းဝင်ရောက်သူ စီးဝင်မှုကြီး ဦးတည်လာနေပါပြီ။ နံရံတံတိုင်း ဒါမှမဟုတ် သံမဏိတံတိုင်းကပဲ ကျွန်တော်တို့နိုင်ငံကို ဘေးလုံခြုံစေမှာ ဖြစ်ပါတယ်။ နိုင်ငံရေး ကစားကွက်ရွှေ့နေတာတွေ ရပ်ပြီး အစိုးရယန္တရာ တန့်ရပ်နေမှုကို အဆုံးသတ်ကြဖို့ လုပ်ကြပါ။”လို့ ထရမ့်က တွစ်တာကနေ ရေးသားပါတယ်။

 တနင်္လာနေ့ညမှာ ဟွန်ဒူးရပ်စ်နိုင်ငံ ပီဒရိုဆူလာမြို့ကနေ ရွှေ့ပြောင်းဝင်ရောက်သူတွေဟာ မိုးဖွဲဖွဲအောက်မှာ စတင်ထွက်ခွာလာကြတာ ဖြစ်ပါတယ်။ “ဒီမှာက ရာဇဝတ်မှု ထူပြောပြီး အလုပ်အကိုင်လည်း မရှိဘူး။”ရွှေ့ပြောင်းသူတစ်ယောက်ဖြစ်တဲ့ အသက် ၅၂ နှစ်ရှိ ဂျူအန်ဂါစီယာက ၎င်းတို့ရဲ့ အတိဒုက္ခကို ပြောပါတယ်။

 မြို့တော် တီဂူစီဂယ်ပါမြောက်ဖက် မိုင် ၁၁၀ ကွာဝေးတဲ့ ပီဒရိုဆူလာကနေပြီး ရွှေ့ပြောင်းဝင်ရောက်သူ ၅၀၀ ကျော်ထက်မနည်းဟာ စတင်ထွက်ခွာလာကြတာပဲ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၃ ရက်မှာ အမေရိကန်ဆီ ဦးတည်တဲ့ ပထမဆုံး ရွှေ့ပြောင်းဝင်ရောက်သူ စီးဆင်းမှုကြီးအဖြစ် ဦးရေ ၂၀၀၀ ခန့်ရှိတဲ့ ရွှေ့ပြောင်းလူအုပ်ကြီးဟာ ပီဒရိုဆူလာမြို့ကနေပဲ စတင်ထွက်ခွာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလူအုပ်စုနဲ့အတူ အယ်ဆာဗေဒိုနဲ့ ဂွါတီမာလာတို့က ရွှေ့ပြောင်းဝင်ရောက်သူတွေပါ ပေါင်းပြီး ဦးရေ ၁၃၀၀၀ ခန့်ဟာ အမေရိကန်ဆီ ဦးတည်ခဲ့ကြပါတယ်။

ဒါပေမယ့် တစ်ဝက်ကျော်လောက်ဟာ နေရပ်ဆီ ပြန်ကြရပြီး ကျန်သူအရေအတွက် တော်တော်များများဟာ မက္ကဆီကိုနယ်စပ်ဖက်ခြမ်းမှာ သောင်တင်ကျန်ရှိနေလျက် ရှိတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required