AA အဖွဲ့ထံ သတင်းပေးနေသော သရက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် လေးဦးကို ဖမ်းဆီး

AA အဖွဲ့ထံ သတင်းပေးနေသော သရက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် လေးဦးကို ဖမ်းဆီး
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ။             ။ AA အဖွဲ့ထံ သတင်းပေးနေသော သရက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့်ရွာသားတစ်ဦး၊ ရသေ့တောင်မြို့နယ်၊ ကြိမ်သာကျေးရွာမှ ရွာသားနှစ်ဦးတို့ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများက တရား ဥပဒေအရ အရေးယူနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်စိစစ် ဆောင်ရွက်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

 ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာအတွင်း၌ AA အဖွဲ့က ဒေသခံ ပြည်သူများအသွင်ဖြင့် ဝင်ရောက်ပုံဖျက်လှုပ်ရှားလျက်ရှိကြောင်း သတင်းရသဖြင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် တပ်မတော်စစ် ကြောင်းများ လုံခြုံရေးလိုက်ပါလျက် ဇန်နဝါရီ ၁၃ ရက် နေ့လယ်ပိုင်းတွင် အဆိုပါကျေးရွာ သို့သွားရောက်၍ သတင်းဖော်ထုတ် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုသို့စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ရာတွင် မသင်္ကာဖွယ်ရာလူ ၁၅ ဦးကို တွေ့ရှိခဲ့ပြီး ဘူးသီးတောင်မြို့နယ်ရှိ  နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော အဖွဲ့ဖြင့် ဥပဒေနှင့်အညီ ခေါ်ဆောင်၍ အသေးစိတ်စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ အဆိုပါ မသင်္ကာဖွယ်ရာ ၁၅ ဦးအနက် ၁၃ ဦးမှာ AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်မှုမရှိကြောင်း စိစစ်သိရှိရသဖြင့် ၎င်းတို့ကျေးရွာများသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။

 သရက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်နှင့် အဆိုပါကျေးရွာတွင် နေထိုင်သော မောင်ကျော်ဝင်း တို့ နှစ်ဦးမှာ AA အဖွဲ့များအတွက် ဆက်ကြေးကောက်ခံပေးခြင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လှုပ်ရှား မှုများအားစောင့်ကြည့် သတင်းပေးပို့ခြင်းများ ဆောင်ရွက်နေသည်ဟု စစ်ဆေးမေးမြန်း ဖော်ထုတ်သိရှိရသဖြင့် တရားဥပဒေအရ အရေးယူနိုင်ရေးအတွက်  လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်စိစစ် ဆောင်ရွက်လျက် ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

 ထို့ပြင် ရသေ့တောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းသည် ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ်၊ ကြိမ်သာကျေးရွာ၏ မြောက်ဘက် မီတာ ၃ဝဝဝ ခန့်အကွာသို့ အရောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများအား AA အဖွဲ့များထံသို့ စောင့်ကြည့် သတင်းပေးလျက်ရှိသည့် ကြိမ်သာ ကျေးရွာနေ ဦးစိန်ဦးနှင့် ဦးစိန်သာကျော် တို့နှစ်ဦးအား သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဆမ်ဆောင်းအမျိုးအစား တယ်လီဖုန်း နှစ်လုံးနှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် တရားဥပဒေအရ အရေးယူနိုင်ရန် သက်ဆိုင်ရာနယ်မြေ ရဲစခန်းသို့  ဆက်လက် လွှဲပြောင်း သွားမည်ဟု ထုတ်ပြန်ထားသည်။

 ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အတွင်းမှ စတင်ကာ ရခိုင်ပြည်နယ်အတွင်း၌ တပ်မတော်နှင့် ရက္ခိုင့်အဖွဲ့ AA တို့ အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာခဲ့ပြီး ဇန်နဝါရီလ ၄ ရက်နေ့တွင် AA အဖွဲ့မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်း လေးခုကို တပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးသည့် နောက်ပိုင်း တပ်မတော်ဘက်မှ AA အဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကာ စစ်ဆင်ရေးများ ဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် တပ်မတော်စစ်ကြောင်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံ ပြည်သူများနှင့် ပူးပေါင်းကာ AA အဖွဲ့၏ ရခိုင်ပြည်နယ်အတွင်း ဥပဒေမဲ့ အကြမ်း ဖက် တိုက်ခိုက်မှုများနှင့် ကျေးရွာများအတွင်း ပုံဖျက်စိမ့်ဝင်လှုပ်ရှားမှုများ မရှိစေရေးအတွက် သတင်းများ ရယူ ဖော်ထုတ်ပြီး  နယ်မြေလုံခြုံရေး လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly