ဒီမိုကရေစီ အပြောင်းအလဲအတွက် ခေါင်း၊ ခါး၊ ခြေ၊ လက် အင်္ဂါစုံ ပြောင်းလဲကြဖို့ သမ္မတပြော

ဒီမိုကရေစီ အပြောင်းအလဲအတွက် ခေါင်း၊ ခါး၊ ခြေ၊ လက် အင်္ဂါစုံ ပြောင်းလဲကြဖို့ သမ္မတပြော
(ဓာတ်ပုံ- သမ္မတရုံး)

နေပြည်တော်(ဇန်နဝါရီလ ၁၆ရက်၊ ၂၀၁၉ခုနှစ်)။ ။  ပြောင်းလဲချိန်တန်ပြီဟူသည့် ဆောင်ပုဒ်ဖြင့် ရွေးကောက်ပွဲဝင်ကာ အနိုင်ရလာသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အာဏာရပါတီ၏ သမ္မတဖြစ်သူ ဦးဝင်းမြင့်က ဒီမိုကရေစီ အပြောင်းအလဲတွင် ပြည်ထောင်စုအစိုးရ အဖွဲ့အပါအဝင် တိုင်းနှင့် ပြည်နယ် အစိုးရများ၊ ဌာနဆိုင်ရာများအားလုံး ခေါင်း၊ ခါး၊ ခြေ၊ လက်၊ အင်္ဂါစုံ ပြောင်းလဲကြပါရန် တိုက်တွန်းလိုက်သည်။

 “ဘယ်လောက်ပဲ ခေါင်းပိုင်းကပြောင်းပြောင်း၊ ကိုယ်လက်အင်္ဂါ အကုန်လုံးက လိုက်ပါပြောင်းလဲနိုင်မှ အပြောင်းအလဲတစ်ခုကို ပီပြင်စွာ ဆောင်ရွက်နိုင်မယ်။ ဒါကြောင့်မို့လို့ အပြောင်းအလဲတစ်ခုကို ပီပြင်စွာ ဆောင်ရွက်နိုင်ဖို့ ဆိုလို့ရှိရင် ပြောင်းလဲနိုင်တဲ့ ဌာနဆိုင်ရာလူကြီးမင်းများ အားလုံးကပါ လိုက်ပါပြီးတော့ တက်ညီလက်ညီ ပြောင်းလဲပေးဖို့ လိုတယ်” ဟု ဇန်နဝါရီလ ၁၆ရက် နံနက်ပိုင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်ပြုလုပ်သည့် သမ္မတနှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲတွင် ဦးဝင်းမြင့်က ပြောသွားသည်။

 “အပေါ်ပိုင်း ပြောင်းသွားရုံနဲ့ အုပ်ချုပ်မှု ယန္တယားတစ်ခုလုံး ပြောင်းလဲသွားတာ မဟုတ်ဘူး” ဟု သမ္မတက ဆိုကာ “ဒါလေးကိုတော့ အထူး ဂရုစိုက်စေလိုပါတယ်။ ဒါကြောင့်မိုု့လို့ ဒါလေးကိုတော့ မှန်မှန်ကန်ကန်နဲ့ တာဝန်ရှိတဲ့ ဌာနဆိုင်ရာကလည်း ပူးပေါင်းဆောင်ရွက်ပေးပါ” ဟု တိုက်တွန်းခဲ့သည်။

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရအပေါ် ဌာနဆိုင်ရာအရာရှိအချို့ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသည်ဟု ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပြီး တိုင်းနှင့် ပြည်နယ်အစိုးရများ၏ လုပ်ပိုင်ခွင့်နှင့် ပတ်သက်၍လည်း အားမလိုအားမရ ဖြစ်မိကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ်နှင့် မဇ္ဈိမတို့ မကြာသေးခင်က တွေ့ဆုံမှုတွင် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောဆိုခဲ့ဖူးသည်။

“တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေဆိုတာလည်း ရုံးအုပ်ကြီးသာသာ အဆင့်ပဲရှိတယ်” ဟု ဒေါက်တာ ဇော်မြင့်မောင်က တင်စားပြောဆိုသည်။

 ထိုအခြေအနေကို ထိန်းသိမ်းရန် ပြုပြင်ပြောင်းလဲမှု တစ်ရပ်အဖြစ် ပြည်ထဲရေးလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို သမ္မတတိုက်ရိုက် စီမံခန့်ခွဲနိုင်သော ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနအောက်သို့ ပြောင်းလဲခြင်းတစ်ရပ်ကိုလည်း သမ္မတ ဦးဝင်းမြင့်က ပြုလုပ်ခဲ့သည်။

 ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူပေးသည့်လစာကိုယူကာ မမောက်မာကြရန် ယနေ့အခမ်းအနားတွင် ဦးဝင်းမြင့်က ပြောဆိုခဲ့သေးသည်။

 “တာဝန်အရ ပေးထားတဲ့အပေါ်မှာ သာယာပြီးတော့ ဂုဏ်ယူပြီးတော့၊ ဝံ့ကြွားပြီးတော့ မောက်မာဖို့ ပေးထားတာ မဟုတ်ပါဘူး။ ပြည်သူ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ဖို့ပဲ။ ကျွန်တော်တို့ ခင်ဗျားတို့အားလုံး အခုရတဲ့၊ ခံစားစံစားတဲ့ ချီးမြှင့်ငွေ၊ စရိတ်စက အကုန်လုံးသည် ဘယ်သူ့အိတ်ထဲက၊ ဘယ်အဖွဲ့အစည်း အိတ်ထဲက၊ ဘယ်သူ့ ဘယ်သူ ပိုက်ဆံမှ ပေးထားတာ မဟုတ်ဘူး” ဟု သမ္မတက သတိပေးခဲ့သည်။

ပြီးခဲ့သည့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် “ကောင်းမွန်သော အစိုးရ၊ သန့်ရှင်းသော အုပ်ချုပ်ရေး” ဟူသည့် မူဝါဒဖြင့် အုပ်ချုပ်မည်ဟု ဆိုခဲ့သည်။ ယခု သမ္မတ ဦးဝင်းမြင့်ကမူ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစား မလုပ်ဘဲ တရားမျှတသည့် အုပ်ချုပ်ရေးဖြစ်ရမည်ဟု အုပ်ချုပ်ရေးမူဝါဒနှင့် ပတ်သက်၍ ပြောခဲ့သည်။

 “တာဝန်ပေးထားတာကို ကိုယ့်ကို လုပ်ပိုင်ခွင့် ထင်ပြီးတော့။ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစား မလုပ်စေချင်ပါဘူး။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းမှာပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ သွားချင်တဲ့ အုပ်ချုပ်ရေးသည် တရားမျှတတဲ့ အုပ်ချုပ်ရေး ဖြစ်ရမယ်။ တရားဥပဒေစိုးမိုးရေးကို အထောက်အပံ့ပြုတဲ့ အုပ်ချုပ်ရေး ဖြစ်ရမယ်။ ကျွန်တော်တို့သွားချင်တဲ့ အုပ်ချုပ်ရေးသည် ပြည်သူလူထုကို ဖိစီးနှိပ်စက်တဲ့ အုပ်ချုပ်ရေး မဖြစ်စေရဘူး” ဟု သမ္မတက ဆိုခဲ့သည်။

 ဦးဝင်းမြင့် အနေဖြင့် သမ္မတဖြစ်ကာစ ပြည်ထောင်စုလွှတ်တော်တွင်လည်း ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေသည့် ဌာနဆိုင်ရာများကို ကြပ်မတ်မည်၊ ယိမ်းယိုင်နေသည့် တရားစီရင်ရေးကို တည့်မတ်မည်၊ မူးယစ်ဆေးဝါးကို နှိမ်နှင်းမည်၊ လူ့အခွင့်အရေးကို ပိုမိုမြှင့်တင် ကာကွယ်မည်ဟူ၍ ကတိပြု ပြောကြားထားသည်။

သမ္မတဦးဝင်းမြင့်တက်လာပြီး နောက်ပိုင်း အဂတိလိုက်စားမှုဖြင့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့မှ အရာရှိတချို့ကို တရားစွဲဆိုခြင်း၊ မူးယစ်ဆေးဝါးအထူးသတင်းပေးတိုင်ကြားရေးဌာနကို ဖွင့်လှစ်လိုက်ခြင်း၊ ထွေ/အုပ်ကို အရပ်သားအုပ်ချုပ်မှုအောက် ပြောင်းရွှေ့လိုက်ခြင်းဖြင့် သိသာသည့် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည်။ ဇန်နဝါရီလ ၁၄ရက်နေ့ကပင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တစ်ဦးကို သမ္မတအမိန့်ဖြင့် ရာထူးမှ ထုတ်ပယ်ခဲ့သေးသည်။

 သမ္မတအနေဖြင့် ယခု ကယားပြည်နယ် ခရီးစဉ်မတိုင်ခင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ်သို့ သွားရောက်ကာ ယခုကဲ့သို့ပင် တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly