ကျောင်းကြိုကား တိမ်းမှောက် ကျောင်းသား ၁ ဦးသေဆုံး ၇ ဦး ဒဏ်ရာရ

ကျောင်းကြိုကား တိမ်းမှောက် ကျောင်းသား ၁ ဦးသေဆုံး ၇ ဦး ဒဏ်ရာရ

တနင်္သာရီ၊ ဇန်နဝါရီလ ၁၆ ။            ။ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ဆီအုန်းကုမ္ပဏီတစ်ခုမှ ကျောင်းကြို/ပို့ ယာဉ်တစ်စီးသည် ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းတွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ၁ ဦး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ယင်းမြို့၏ မြို့နယ် ရဲစခန်းရုံးထံမှ သိရသည်။

ကျောင်းသား ၊ကျောင်းသူ ၈ ဦး၊ အလုပ်သမား ၁ ဦးနှင့် ယာဉ်မောင်းသူ ၁ ဦးအပါအဝင်  စုစုပေါင်း ၁၀ ဦး စီးနင်းလိုက်ပါလာခဲ့သော ဆီအုန်းကုမ္ပဏီတစ်ခုမှ Toyota Double Cub အမျိုးအစား ကျောင်းကြို/ပို့ ယာဉ်သည် တနင်္သာရီမြို့နယ် တမုတ် ချုံး ကျေးရွာအုပ််စု၊ ရေဖြူကျေးရွာနှင့် ဆင်ဖြူရှင် စိုက်ပျိုးရေးနှင့် အသက်မွေးအတတ်သင်စခန်း အရှေ့၊ မိုင်တိုင်အမှတ် (၆၃/၀) တွင် ယာဉ်၏ အရှေ့ယာဘက်ဘီးပေါက်၍ ယာဉ်တိမ်မှောက်ခဲ့ခြင်း ဖြစ်သည်။

"ရွှေကမ္ဘောဇ ဆီအုန်းကုမ္ပဏီက ကျောင်းကြို ကားပါ။ ဝန်ထမ်း သားသမီးတွေကို ရေဖြူမူလွန်ကျောင်းမှာ ကျောင်းဆင်းချိန်သွားကြိုပြီး ကုမ္ပဏီကို အပြန်မှာ ကားရှေ့ယာဘက်ဘီး ပေါက်ပြီး မှောက်သွားတယ်။ လူနာတွေကို တနင်္သာရီဆေးရုံကြီးကိုပို့ပေးတာ လမ်းမှာပဲ ၅ တန်းကျောင်းသား ၁ ယောက် သေဆုံး သွားတယ်"ဟု တနင်္သာရီမြို့မရဲစခန်းရုံးမှ ရဲတပ်ကြပ်ကြီး ကျော်ဆွေက ပြောသည်။

အဆိုပါ ဖြစ်စဉ်အတွက် ယာဉ်မောင်းသူ ဦးမောင်မောင်ဝင်းအား တနင်္သာရီမြို့မရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၃၇ / ၃၃၈ / ၃၀၄ - က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required