‘ဒီရာသီကုန်မှာ အနားယူတော့မယ်ဆိုတဲ့အကြောင်း ကြေညာဖို့ အချိန်ကောင်းတစ်ခုပဲလို့ ခံစားမိပါတယ်’ ပီတာချက်

‘ဒီရာသီကုန်မှာ အနားယူတော့မယ်ဆိုတဲ့အကြောင်း ကြေညာဖို့ အချိန်ကောင်းတစ်ခုပဲလို့ ခံစားမိပါတယ်’ ပီတာချက်
Photo: EPA

အာဆင်နယ်အသင်း၏ ချက်ဝါရင့်ဂိုးသမား ပီတာချက်က လက်ရှိရာသီကုန်မှာ ကစားသမားဘဝကနေ အနားယူတော့မယ်လို့ ဇန်နဝါရီ ၁၅ ရက်က ကြေညာခဲ့ပါတယ်။

၃၆ နှစ်အရွယ်ရှိ ပီတာချက်ဟာ ကစားသမားဘဝ နှစ် ၂၀ ကာလာကြာဖြတ်သန်းလာပြီးနောက် အခုလိုဆုံးဖြတ်ချက်ကို သူ့ရဲ့ ကိုယ်ပိုင်လူမှုကွန်ရက်မီဒီယာပေါ်မှာ လူသိရှင်ကြား ကြေညာချက်တစ်စောင် ထုတ်ချက်ခဲ့တာဖြစ်ပါတယ်။

“ကျနော့်အနေနဲ့ ဒီရာသီကုန်မှာ အနားယူတော့မယ်ဆိုတဲ့အကြောင်း ကြေညာဖို့ အချိန်ကောင်းတစ်ခုပဲလို့ ခံစားမိပါတယ်။ ပရီးမီးယားလိဂ်မှာ ၁၅ နှစ်လောက် ကျင်လည်ခဲ့ပြီး ရနိုင်သမျှ ဆုဖလားတိုင်းကိုလည်း ရယူထားခဲ့ပြီးပါပြီ။ ကျနော်ဟာ အရာခပ်သိမ်း အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီလို့ ခံစားရပါတယ်။”လို့ ချက်က ပြောပါတယ်။

ချက်လက်ရွေးစင်ဂိုးသမားဟောင်းဟာ ၁၉၉၉ ဇူလိုင်လက ချက်ကလပ် အက်ဖ်ကေ ချာမေးဘာဆေးနီအသင်းနဲ့ ကစားသမားဘဝ စတင်ခဲ့ပါတယ်။ သူဟာ ၂၀၀၂ ခုနှစ်မှာ လီဂူ ၁ ကလပ် ရန်းစ်သို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ နောက် ၂ နှစ်အကြာ ၂၀၀၄ ဇူလိုင်လမှာ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းဆီ ရောက်ရှိခဲ့ပါတယ်။

ပီတာချက်ဟာ ချယ်လ်ဆီးအသင်းမှာ ဆယ်စုနှစ်တစ်ခုကျော် ကစားခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်မှာ မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းဆီ ပြောင်ရွှေ့သွားခဲ့ပါတယ်။

“ကျနော် ဒီရာသီမှာ အာဆင်နယ်အသင်းနဲ့အတူ နောက်ထပ်ဖလားတစ်လုံး ဆွတ်ခူးနိုင်ဖို့ ကြိုးပမ်းသွားမှာပါ။ အဲဒီနောက် ကစားသမားကနေ အနားယူလိုက်တဲ့အချိန်မှာ ဘာတွေ ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ ကျနော် စိတ်လှုပ်ရှားနေပါတယ်။”လို့ ချက်က ပြောပါတယ်။

ချက်ဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ၂၀၁၁-၁၂ ချန်ပီယံလိဂ်ဖလားနဲ့ ၂၀၁၂-၁၃ ယူရိုပါလိဂ်တို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။

ဒါ့အပြင် သူဟာ ချယ်လ်ဆီးအသင်းနဲ့ပဲ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ် (၂၀၀၅၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၅) ၊ အက်ဖ်အေဖလား ၄ ကြိမ်။ လိဂ်ဖလား ၃ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ် ရယူနိုင်ခဲ့သလို အာဆင်နယ်အသင်းနဲ့အတူ အက်ဖ်အေဖလား ၁ ကြိမ်၊ ကွန်မြူနတီဒိုင် ၂ ကြိမ် ရယူထားနိုင်ပါတယ်။

ချက်ဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးဖြစ်ပြီး စံချိန်များစွာ၊ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရရှိခဲ့သလို ချက်အသင်းအတွက် ပွဲပေါင်း ၁၂၄ ပွဲနဲ့ ပွဲအများဆုံးကစားခဲ့သူဖြစ်ပြီး လက်ရွေးစင် အကောင်းဆုံးကစားသမားဆုကိုလညး် ၇ ကြိမ် ရရှိခဲ့ပါတယ်။

“ပီတာချက်ဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာ ဘယ်ကစားသမားမျှမရယူနိုင်တဲ့ Clean Sheet (ပေးဂိုးမရှိ) ပွဲအရေအတွက် အများဆုံး ၂၀၂ ပွဲ ရယူထားသူဖြစ်ပါတယ်။”လို့ အာဆင်နယ်အသင်းက သူတို့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly