ONE: ETERNAL GLORY ပြိုင်ပွဲအတွက် Joshua နှင့် Yosuke တို့ ပရိသတ်များရှေ့ တွေ့ဆုံဟန်ရေးပြ

ONE: ETERNAL GLORY ပြိုင်ပွဲအတွက် Joshua နှင့် Yosuke တို့ ပရိသတ်များရှေ့ တွေ့ဆုံဟန်ရေးပြ

ဂျာကာတာမြို့၊ ဇန်နဝါရီလ ၁၆ ရက် ။         ။ လာမည့် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ONE: ETERNAL GLORY ပြိုင်ပွဲအတွက် ကစားသမားများ တွေ့ဆုံဟန်ရေးပြပွဲကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် Syena ကိုယ်ခံပညာစင်တာ၌ ပြုလုပ်နေသည်။

ဖိလစ်ပိုင်နိုင်ငံ၊ Baguio မြို့သား ONE စတောဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ပိုင်ရှင် Joshua “The Passion” Pacio နှင့် ဂျပန်ကစားသမား ONE ကမ္ဘာ့ချန်ပီယံခါးပတ်စိန်ခေါ်သူ Yosuke " Tobizaru "Saruta တို့ တက်ရောက်ကာ ပရိသတ်များ၊ စာနယ်ဇင်းမီဒီယာများနှင့် တွေ့ဆုံခဲ့သည်။  

ONEကစားသမားများဖြစ်သော Priscilla Hertati Lumban Gaol ၊ Puja Tomar ၊ Stefer Rahardian ၊ Robin Catalan ၊ Anthony Engelen နှင့် Kwon Won Il တို့သည်လည်း ၎င်းတို့၏ သက်ဆိုင်ရာနည်းပြများနှင့်အတူ ဟန်ရေးပြကစားခဲ့ကြောင်း သိရသည်။

ONE စတောဝိတ်ကမ္ဘာ့ချန်ပီယံ Joshua “The Passion” Pacio က "အခု ကျွန်တော် အကောင်းဆုံးအနေအထားရနေပြီလို့ ခံစားရပါတယ်။ ပြင်းပြင်းထန်ထန် စခန်းသွင်းလေ့ကျင့်မှုတွေပြီးတဲ့နောက်မှာ ကျွန်တော်ကြိုးဝိုင်းထဲဝင်ပြီး ခါးပတ်ကာကွယ်သွားဖို့ အသင့်ဖြစ်နေပါပြီ။ ဒီကမ္ဘာ့ချန်ပီယံခါးပတ်က ကျွန်တော့်ဘဝအတွက် သိပ်ကိုအရေးပါ ပါတယ်။ ဒါဟာ ကျွန်တော်နဲ့ ကျွန်တော်တို့အဖွဲ့တစ်ခုလုံးရဲ့ ကြိုးစားမှု အကျိုးရလဒ်တစ်ခုပါ။ ကျွန်တော်တို့ စိုက်ပျိုးခဲ့အသီးအပွင့်တွေ ရိတ်သိမ်းချိန်ရောက်ပါပြီ။ နည်းပြ Mark (Sangiao) က ကျွန်တော့်အတွက် ကစားနည်းဗျူဟာကောင်းတစ်ခုကို စီစဉ်ထားပေးပါတယ်။ ဒါကို ကျွန်တော် အကောင်းဆုံး အသုံးပြုကစားသွားမှာပါ။Yosuke က သိပ်ကို အန္တရာယ်များတဲ့ ပြိုင်ဘက်တစ်ယောက်ဖြစ်လို့ ကျွန်တော် သူ့ကို သတိထား ကစားရမှာပါ။ ကျွန်တော့်ကစားသမားသက်တမ်းတစ်လျှောက်လုံးရဲ့ အခက်ခဲဆုံးစိန်ခေါ်ပွဲအတွက် ပြင်ဆင်ထားခဲ့ပါတယ်။ ပြီးတော့ ဒီပြိုင်ပွဲမှာ Joshua Pacio ရဲ့ အကောင်းဆုံးသော အရည်အချင်းတွေ ချပြသွားဖို့ စီစဉ်ထားပါတယ််။” ဟု ဆိုသည်။

ONE ကမ္ဘာ့ချန်ပီယံခါးပတ်စိန်ခေါ်သူ Yosuke “Tobizaru” Saruta က " ပထမဆုံးအနေနဲ့ ကျွန်တော့်ကို ONE စတောဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို စိန်ခေါ်ယှဉ်ပြိုင်ခွင့်ပေးတဲ့အတွက် ONE Championship ကို ကျေးဇူးတင်ပါတယ်။တကယ့်ကို ဂုဏ်ယူမိပါတယ်။ လွန်ခဲ့တဲ့လအနည်းငယ်က ကျွန်တော့်ပွဲဦးထွက်ပွဲ လုပ်ကတည်းက ကျွန်တော့် စွမ်းရည်ကိုပြသချင်ခဲ့ပါတယ်။ ကျွန်တော်က ချန်ပီယံဆုကို ချက်ချင်းယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေပြီဆိုတာ ကမ္ဘာကို သက်သေပြချင်ခဲ့ပါတယ်။ ကျွန်တော်ကြိုးစားခဲ့တဲ့အတွက် အခု ဒီနေ့ ဒီနေရာကိုရောက်လာခဲ့ပါပြီ။ ကျွန်တော်ဟာ ပြိုင်ပွဲညမှာ အောင်နိုင်မှုတွေနဲ့ လက်ကိုလေထဲမြောက်ပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ကို ခါးမှာပတ်ကာ အားကစားရုံထဲကနေ ထွက်သွားနိုင်လိမ့်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါတယ်။ Joshua Pacio က သိပ်တော်တဲ့ချန်ပီယံပါ။ ဒါပေမယ့် ကျွန်တေ်ာ့မှာ သူ့ကို အောင်နိုင်မယ့် လက်နက်ရှိနေတယ်လို့ ခံစားရတယ်။ ဒီပွဲက သိပ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ တွဲဆိုင်းတစ်ခုဖြစ်မှာပါ။ ကျွန်တော်အကောင်းဆုံး ယှဉ်ပြိုင်သွားဖို့ ကတိပေးပါတယ်။”ဟု ဆိုခဲ့သည်။

ONE: ETERNAL GLORY ပြိုင်ပွဲကြီးကို ဇန်နဝါရီလ ၁၉ ရက်၊ စနေနေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၏ အထင်ကရဖြစ်သော Istora Senayan အားကစားရုံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ပြိုင်ပွဲကြီး၏ အဓိကတွဲဆိုင်းတွင် ONE စတောဝိတ်ကမ္ဘာ့ချန်ပီယံ ဖိလစ်ပိုင်ကစားသမား Joshua “The Passion” Pacio သည် ဂျပန်ကစားသမား Yosuke “Tobizaru” Saruta နှင့် ထိုးသတ််ယှဉ်ပြိုင်ကာ ၎င်း၏ ချန်ပီယံခါးပတ်ကို ကာကွယ်သွားမည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly