သတ္တမအကြိမ်မြောက် ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲ ကျင်းပမည်

သတ္တမအကြိမ်မြောက် ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲ ကျင်းပမည်

ရန်ကုန် ၊ ဇန်နဝါရီ ၁၆ ။            ။ ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ(၂၀၁၉) ကို လာမည့် ဇန်နဝါရီ ၂၀ ရက်နေ့တွင် သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်း၌ ကျင်းပသွားမည်ဟု ပြိုင်ပွဲကျင်းပရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

၂၀၁၉ ခုနှစ် သတ္တမအကြိမ်မြောက် ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကာ အပြေးသမားပေါင်း ၈,၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မည်လည်း ဖြစ်သည်။

ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၀ ရက်နေ့ နံနက် ၃ နာရီခွဲတွင် စတင်မည်ဖြစ်ပြီး နံနက် ၅ နာရီတွင် စတင်မည့် 42km မာရသွန်အပြည့်ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် Yoma Group ၏ ဥက္ကဋ္ဌ ဦးသိမ်းဝေ မှ တာထွက်အလံမြှောက်၍ ဖွင့်လှစ်ပေးမည်ဟု သိရသည်။

ပြိုင်ပွဲအတွင်း အဆိုတော် ငယ်ဆူး၊ ကိုအောင် ၊ လမင်းခ ၊ ဆူဇီ၊ အမွန်း ၊ ယုန်လေး ၊ ဖြိုးကြီးတို့မှ သီဆိုဖျော်ဖြေမှုများဖြင့် တင်ဆက်သွားမည်လည်း ဖြစ်သည်။

ပြိုင်ပွဲကျင်းပမည့် နေရာအတွင်း၌ စပွန်ဆာကုမ္ပဏီများ၏ ဆိုင်ခန်းများတွင်လည်း ပျော်ပွဲရွှင်ပွဲများကို နံနက် ၁၁း၃၀ နာရီအထိ ပြုလုပ်ပေးသွားမည်ဖြစ်ကာ စင်မြင့်ထက်တွင်လည်း ဖျော်ဖြေရေး အစီအစဉ်လည်းရှိနေသည်ဟု ပွဲစီစဉ်သူများက ဆိုသည်။

ပြိုင်ပွဲကျင်းပရာနေရာတွင် ယာဉ်ရပ်နားရန် နေရာများမရှိကြောင်း သတိပေးကြေညာထားပြီး ပြိုင်ပွဲကျင်းပနေစဉ် လမ်းများကို ပိတ်ထားမည်ဖြစ်သောကြောင့် ယာဉ်များကို သုဝဏ္ဏဘောလုံးကွင်းအတွင်း ရပ်နားရန် (သို့မဟုတ်) အငှားယာဉ်ဖြင့် လာရောက်ရန်လည်း အကြံပြုထားသည်။

၂၀၁၉ ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးကို Yoma Strategic Holdings Ltd (Yoma Strategic) မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး First Myanmar Investment Public Co., Ltd. (FMI) နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) တို့က ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly