နယ်စပ်ခြံစည်းရိုးအနီးတွင် တပ်မတော်စစ်ကြောင်းကို AA ကြားဖြတ်တိုက်

နယ်စပ်ခြံစည်းရိုးအနီးတွင် တပ်မတော်စစ်ကြောင်းကို AA ကြားဖြတ်တိုက်

ရန်ကုန် ၊ ဇန်နဝါရီ ၁၆ ။           ။ မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုးအနီးတွင် တပ်မတော်စစ်ကြောင်းအား ရက္ခိုင့်တပ်မတော် AA မှ ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု တပ်မတော်မှ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

နယ်စပ်မှတ်တိုင် ဘီပီ- ၅၆ လုံခြုံရေးစခန်းရှိ  နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်အချို့သည် နယ်စပ်ခြံစည်းရိုး တစ်လျှောက် လုံခြုံရေးဆောင်ရွက်စဉ် နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲပြီးနောက် AA အဖွဲ့နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

ယင်း ထိတွေ့တိုက်ခိုက်မှုဖြစ်စဉ်အား စစ်ကူလိုက်လာသည့် တပ်မတော်စစ်ကြောင်းကို AA အဖွဲ့မှ စောင့်ကြို တိုက်ခိုက်ခြင်း ဖြစ်ပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကာ AA အဖွဲ့မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ဆုတ်ခွာသွားသည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါသတင်းနှင့် ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခထံ မဇ္စျိမမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်းမခဲ့ရှိပေ။

တိုက်ပွဲဖြစ်စဉ်နေရာအနီးတစ်ဝိုက်တွင်  အသင့်စောင့်ကြို ပြင်ဆင်ထားသည့် ပစ်ကျင်းများ နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးကို ဖျက်ဆီးထားသည့် နေရာ လေးနေရာ တွေ့ရှိခဲ့ရပြီး မိုင်းထိဖြစ်စဉ်ကြောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အတွင်းမှ စတင်ပြီး ရခိုင်ပြည်နယ်အတွင်း၌ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် AA တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာနေခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလ ၄ ရက်နေ့တွင် AA မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း လေးခုကို တပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးသည့် နောက်ပိုင်း တပ်မတော်ဘက်မှ AA အဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကာ စစ်ဆင်ရေးများ ဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ရသေ့တောင် ၊ မောင်တော ၊ ကျောက်တော် ၊ ပုဏ္ဏားကျွန်း မြို့နယ်အနီးတစ်ဝိုက်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ဘေးရှောင် ဒေသခံပြည်သူများသည် ၅၀၀၀ ကျော်ခန့် ရှိလာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required