မျိုးဆက်သစ် လူငယ်အနုပညာရှင်တွေကို ကြိုဆိုရမှာ လူဟောင်းတွေရဲ့ တာဝန်ဟု ဦးဝင်းမြိုင်ဆို

မျိုးဆက်သစ် လူငယ်အနုပညာရှင်တွေကို ကြိုဆိုရမှာ လူဟောင်းတွေရဲ့ တာဝန်ဟု ဦးဝင်းမြိုင်ဆို

ရန်ကုန် ၊ ဇန်နဝါရီ ၁၅ ။              ။ မျိုးဆက်သစ်လူငယ်အနုပညာရှင်တွေကို ကြိုဆိုရမှာ လူဟောင်းတွေရဲ့ တာဝန်ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဇာတ်ပို့ဇာတ်ရံအလွှာဥက္ကဋ္ဌလည်းဖြစ် ဇာတ်ပို့သရုပ်ဆောင်တစ်ဦးလည်း ဖြစ်တဲ့ ဦးဝင်းမြိုင်က မဇ္စျိမကိုပြောပါတယ်။

"ဘယ်လိုပြောရမလဲဆိုတော့ ဒီသမားရိုးကျ ရှေးရှေးတုန်းက ဒါရိုက်တာကြီးတွေ၊ မင်းသားကြီးတွေ အတွေး အခေါ်ဟောင်း၊ အယူအဆဟောင်းလို့တော့ ပြောလို့မရဘူးလေ။ ဒါတွေကလည်း တကယ့်ဒီလောကမှာ ထဲထဲ ဝင်ဝင််အသုံးတည့်တဲ့ ပညာရပ်တွေပဲ။ဒါပေမယ့် ခေတ်နဲ့စနစ် ပြောင်းလဲလာတဲ့ အပေါ်မှာ နည်းပညာတွေ ပြောင်းလဲလာတယ်။အတွေးအခေါ်တွေ ပြောင်းလဲလာတယ်။ဆန်းသစ်လာတယ်။အဲ့ဒီအတွက် ဒီလို ပူးပေါင်း ဆောင်ရွက်မှုဆိုတာ လိုအပ်တာပေါ့နော်။ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တဲ့အတွက် ဒီနည်းပညာအသစ်တွေ၊ အတွေးအခေါ်သစ်တွေ သယ်ဆောင်လာတဲ့ မျိုးဆက်သစ်လူငယ်လေးတွေကို တကယ်နွေးထွေးစွာ လက်ခံကြိုဆိုရမှာ။ဒါလူဟောင်းတွေရဲ့ တာဝန်ပါ" လို့ ဦးဝင်းမြိုင်က ပြောပါတယ်။

မြန်မာ့ရုပ်ရှင်လောကတွင် ဇာတ်လမ်းကောင်းများ များပြားလာမှုမှာ အပြိုင်အဆိုင်သဘောပါလာကြောင်း၊ ထိုသို့ အပြိုင်အဆိုင်ဖြစ်လာမှုသည် ရုပ်ရှင်လောကအတွက် တိုးတက်ရာတိုးတက်ကြောင်း ဖြစ်သဖြင့် ဝမ်းပန်းတသာ ကြိုဆိုကြောင်း ဦးဝင်းမြိုင်က ဆိုပါတယ်။

"ကြည့်ဖြစ်တဲ့ ကားလေးတွေထဲမှာ ဥပမာအားဖြင့် နှစ်ဆန်း၊ နှစ်လယ်လောက်မှာ နာမည်ကြီးသွားတဲ့ ခီမောင်နှံပေါ့နော်။သူတို့ တင်ဆက်ပုံလေးတွေ ဆန်းသစ်လာပါတယ်။ တော်တော်လည်း ကောင်းပါတယ်။ သရုပ်ဆောင်တာလေးတွေ ကောင်းတယ်။ဒီဘက်မှာလည်း ကိုဝိုင်းတို့ သြရသတို့ ရိုက်လာတဲ့ကားလေးတွေ ဒီလိုပေါ့ အားပြိုင်မှုလေးတွေ များလာတယ်" လို့ ဦးဝင်းမြိုင်က သူ့ရဲ့အမြင်ကို ပြောပါတယ်။

ဆက်လက်၍ ယခုနှစ်အတွက် အကယ်ဒမီဆု ရရှိမယ့်သူများအတွက်လည်း “အကယ်ဒမီရမယ့်သူတွေကိုတော့ ဦးအနေနဲ့ ခန့်မှန်းပြီး မပြောချင်ပါဘူး။အစည်းအရုံးမှာ တာဝန်ရှိသူဆိုတော့ စကားက အတည်ဖြစ်သွားမှာ စိုးလို့။ကိုယ့်ရင်ထဲမှာတော့ ရှိတာပေါ့" လို့ ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ပရိသတ်တွေဘက်က ဥပါယ်တံမျဉ်ဇာတ်ကားနဲ့ ဒါရိုက်တာဆုအတွက် ခရစ္စတီးနားခီကို ထင်ကြေးပေးနေကြတာဖြစ်ပြီး မုန်းစွဲရုပ်ရှင်နှင့် အေးဝတ်ရည်သောင်းကို အကယ်ဒမီအတွက် ခန့်မှန်း ပြောဆိုနေတာတွေလည်းရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly